ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးရှိ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ စန္ဒကူးခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံ၍ ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၊ သစ်တောကျောင်းတို့ရှိ ဆရာများ၊ သင်တန်းသားများအားတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၁

သယံဇာတနှင့်သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ ဆုံပွဲအခမ်း အနားသို့တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာရှိကြီးများ၊ သစ်တောဦးစီးဌာနမှ အလှည့်က ျပြောင်းရွှေ့ တာဝန်ထမ်းဆောင်သော အရာထမ်းများနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ရာထူးတိုး သန္ဓေ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သစ်တောဖုံးလွှမ်းမှုလျော့နည်းလာမှုနှင့်အတူ ရာသီဥတု ဖောက်ပြန်မှုများမှတစ်ဆင့်  ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အထင်အရှား မြင်တွေ့ခံစားနေရပြီဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ လျော့နည်း သက်သာစေရေး ဆောင်ရွက်မှုများအနက် သစ်တောစိုက်ခင်းများထူထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်း ကာကွယ်ခြင်းတို့သည် ကုန်ကျစရိတ်အနည်းဆုံးနှင့် အထိရောက်ဆုံးဖြစ်ကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောများ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို အဓိကထားဆောင် ရွက်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် မိမိဌာနအလုပ်အပေါ် ဂုဏ်ယူစွာ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ရှိမှုနှင့်အတူ တာဝန်ကျေပွန်စွာထမ်းဆောင်ရာတွင် စေတနာပါပါဆောင် ရွက်စေလိုကြောင်း၊ လုပ်ငန်း ကျွမ်းကျင်မှုရှိရန်လည်း လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဆောင်ရွက်သည့် လုပ်ငန်းအား စနစ်တကျလေ့လာခြင်း၊ လုပ်ငန်းအတွေ့အကြုံများအား လက်ဆင့်ကမ်းမျှဝေခြင်း၊ လိုအပ်ပါက ဒေသခံပြည်သူများနှင့် စိတ်ပါဝင်စားသူများ၊ လာရောက်လေ့လာသူများအား သိပ္ပံနည်းကျရှင်း လင်းပြသနိုင်ခြင်းစသည့် အလေ့အထကောင်း များရရှိရန် လေ့ကျင့်ပြုစုပျိုးထောင် ထားရန်လို အပ်ကြောင်း၊ လက်အောက်ဝန်ထမ်းများနှင့် ပြောဆိုဆက်ဆံရာတွင်လည်း လုပ်ဖော်ကိုင်ဘက် များကဲ့သို့ ဆက်ဆံရန်လိုအပ်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း ဝန်ထမ်းများအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း များတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် နှင့် စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူခြင်း ခံရမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းခွင်သာယာ ရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်ရှိသည်များကို တတ်နိုင်သမျှဖြည့်ဆည်းဆောင် ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်းခန်းမတွင် ကျောင်းအုပ်ကြီး၊ သင်ကြားရေးဆရာများ၊ သင်တန်းသား များနှင့်တွေ့ဆုံခဲ့ရာ ရှေးဦးစွာ ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်းမှ ဖွင့်လှစ်လျက်ရှိ သော သင်တန်းအမျိုးအစားများ၊ သင်တန်းအမျိုးအစားအလိုက် သင်တန်း သားလက်ခံနိုင်မှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျည်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမြေတိုင်း ကျောင်းသည် သမိုင်းကြောင်းကြာရှည်စွာရှိခဲ့ပြီး အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတို့ အတွက် အခြေခံကျသော မြေတိုင်း မြေပုံများရေးထုတ်လုပ်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်များ ထုတ်လုပ်ပေးသည့် သင်တန်းကျောင်း ဖြစ်သဖြင့် နိုင်ငံတော်အတွက် အရေးကြီးသော သင်တန်း ကျောင်းတစ်ခုဖြစ်ကြောင်း၊ သမာရိုးကျ မြေတိုင်းနည်းပညာများအပြင် ခေတ်မှီစက်ကိရိယာ များသုံးစွဲပြီး မြေတိုင်းခြင်း၊ မြေပုံထုတ် လုပ်ခြင်းများအထိ သင်တန်းများဖွင့်လှစ်ပို့ချနိုင်သည့် သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းများအနေဖြင့်လည်း ခေတ်မှီစက်ကိရိယာများ ကိုင်တွယ်အသုံးပြုနိုင်သလို အခြား တစ်ဘက်တွင်လည်း ကိုယ်ကျင့်တရားကောင်းမွန်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဘက်လိုက်မှု ကင်းရှင်းရန်လိုအပ်ကြောင်း၊ သင်တန်းဆရာများ အနေဖြင့်လည်း စေတနာထားသင်ကြားပို့ချပြီး ကျွမ်းကျင်မှုပြည့်ဝသော သင်တန်းသားများ ဖြစ်အောင်လေ့ကျင့် ပေးရန်တိုက်တွန်းကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား လက်ရှိသင်ကြားနေမှုများ မှ လုပ်ငန်း ခွင့်တွင် ပြန်လည်အသုံးချနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သင်တန်းသားများ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးတို့အတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး လည်းကောင်း ဆွေးနွေးမှာကြားခဲ့ပြီး သင်တန်းကျောင်းတွင် အသုံးပြုလျက် ရှိသည့် သင်ထောက် ကူပစ္စည်းများအား စစ်ဆေးကြည့်ရှု့ခဲသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မြန်မာနိုင်ငံ သစ်တော ကျောင်းတွင် ကျောင်းအုပ်ကြီး၊ သင်ကြားရေးဆရာများနှင့်တွေ့ဆုံ၍ (၂)နှစ်သင် တန်းဖွင့် လှစ်ပို့ချနေမှုအပေါ် တွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ လိုအပ် သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ တောင်ပြို တိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ်(၇) ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်း ၁/၂၀၁၇ ဧက(၁၀၀) ထင်းရှူးနှင့် ရေသင်းဝင်ပင်များစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့သည်။ စစ်ဆေးတွေ့ရှိမှု များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးပင်များရှင်သန်မှုကောင်း စေရန်အတွက် ပြုစုထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းရံပုံငွေခွဲဝေထားရှိမှုနှင့်အညီ သုံးစွဲရန် နှင့် သေပင်များ ပြန်လည်ဖာထေးစိုက်ပျိုးရာတွင်လည်း ရေဝေရေလဲထိန်းသိမ်းရေး ရည်ရွယ် ချက်နှင့်ကိုက်ညီသော သစ်မျိုးများကိုသာရွေးချယ်စိုက်ပျိုးရန်၊ အမြဲတမ်းစမ်းသပ်ကွက်များ (Permanent Sample Plots) ပြုလုပ်သတ်မှတ်ပြီး သစ်ပင်များရှင်သန်ကြီးထွားမှုအား မှတ်တမ်းတင်ရန် ဆွေးနွေးမှာ ကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်- မန္တလေးတိုင်းဒေသကြီး၊ အမြန်လမ်းဟောင်းမှ တံတားဦးလေဆိပ်သို့ဆက်သွယ်ထား သောလမ်း ဘေးရှိ မြန်မာ့သစ်လုပ်ငန်းပိုင်၊ ပုလိပ်သစ်ဆိပ်သို့ရောက်ရှိခဲ့ရာ သစ်ဆိပ်အတွင်း ကျွန်းသစ်လုံး ပြည်ပရောင်း၊ ပြည်တွင်းရောင်းလပ်ပုံများနှင့် လေလံတင်ရောင်းချနိုင်ခဲ့သည့် စျေးနှုန်းများ နှိုင်းယှဉ်စစ်ဆေးကြည့်ရှု့ခဲ့သည်။

စိစစ်တွေ့ရှိမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ကြီးစိုက်ခင်းများမှ ထုတ်လုပ် ထွက်ရှိ သော ကျွန်းသစ်လုံးအတန်းအစားများသည် သဘာဝတောများမှ ထုတ်လုပ်သည့် ကျွန်းသစ်လုံးအတန်း အစားများထက် စျေးပိုရသဖြင့် အနာဂတ်တွင် သဘာဝတောများမှ ကျွန်းသစ်ထုတ်လုပ်မှုကို တတ်နိုင်သမျှလျော့ချပြီး စိုက်ခင်းကဏ္ဍပိုမိုဖွင့်ဖြိုးတိုး တက်ရေး၊ ရင်းနှီးမြှပ်နှံမှုများတိုးမြှင့် ဆွဲဆောင်နိုင်ရေး၊ တရားဝင်သစ်တင်ပို့ရောင်းချမှုစနစ် ပိုမို တောင့်တင်းခိုင်မာရေး၊ မြန်မာ့ သစ်တောများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့ပြီး ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ (သတင်းစဉ်)