ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် စီမံကိန်း အပြီးသတ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၃၁

မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Myanmar Climate Change Alliance Programme-MCCA) ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် UNEP၊ UN-Habitat တို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့ရာ အောက်တိုဘာ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်၍ စီမံကိန်းအပြီးသတ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင်ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက - မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာနိုင်သော ထိခိုက်လွယ်မှု ဘေးအန္တရာယ်များကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ရန်ခိုင်မာသည့် ရေရှည်မဟာဗျူဟာမူဝါဒချမှတ်နိုင်ရေး၊ ညှိနှိုင်းပေါင်းစပ်မည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရေး၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း အစီအစဉ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ‌ပေါင်းစပ်ထည့်သွင်းပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် UNEP၊ UN-Habitat တို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို (၄)နှစ်ကျော် ကာလအတွင်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း။

ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အန္တရာယ်ပြု ခြိမ်းခြောက်နေသည့် ကမ္ဘာလုံးဆိုင်ရာအဓိက ပြဿနာတစ်ရပ်ဖြစ်သကဲ့သို့ အနာဂတ်အတွက် လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်း အစီအစဉ်များ ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်နိုင်ရေးအတွက် မဖြစ်မနေထည့်သွင်းဆောင်ရွက်ရမည့် အရေးကြီးကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကြောင့် အသက်သေဆုံးမှု၊ အိုးအိမ်များပျက်စီးဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အစာရေစာ ရှားပါးမှု၊ ရောဂါဘယ ဖြစ်ပွားမှုတွေကို ဖြစ်ပေါ်လာစေပြီး အထူးသဖြင့် ဆင်းရဲသောပြည်သူများတွင်ဆိုးကျိုးများ ပိုမိုခံစားနေရကြောင်း။

သို့ဖြစ်၍ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိစေရေးနှင့် ရေရှည်တွင် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် ရေရှည်ခိုင်မာသည့် အစီအမံလုပ်ငန်းစဉ်တွေ အလျင်အမြန် ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ရန် အလွန်အရေးတကြီး လိုအပ်လာကြောင်း။

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရေးနှင့် ကြံ့ကြံ့ခံတုံ့ပြန်နိုင်ရေးသည် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်းရေရှည်တွင် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို အလေးထားပြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ လက်ရှိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စက်မှုနဲ့စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိပါက ကာဗွန်ထုတ်လွှတ်မှု တိုးတက်မြင့်မားပြီး ရာသီဥတုပြောင်းလဲမှုဆိုးကျိုးများ များပြားလာမည်ဖြစ်၍ နိုင်ငံတော်အတွင်း သက်ဆိုင်ရာကဏ္ဍအလိုက်ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အလုံးစုံပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအမြစ်များကို အကျိုးရှိထိရောက်စေမည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးရေး၊ ရလဒ်ကိုအခြေခံသော ဖွံ့ဖြိုးတိုးတက်ရေး စသည့်အခြေခံမူများနှင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀) ကို EU, UNEP, UN Habitat တို့၏ ပံ့ပိုးမှုဖြင့် အပြီးသတ်ရေးဆွဲနိုင်ခဲ့ကြောင်း၊ ၎င်းမူဝါဒနှင့် မဟာဗျူဟာသည် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ခုနှစ်တွင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှုသော ဖွံ့ဖြိုးတိုးတက်ပြီး အလုံးစုံပါဝင်သော ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည့်ကာဗွန် လျော့ပါးသည့် ဖွံ့ဖြိုးမှုလမ်းကြောင်းကို ရောက်ရှိစေရန် အဓိကရည်မှန်းထားကြောင်း။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်ကိုက်ညီပြီး ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် ခိုင်မာသောရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဥရောပသမဂ္ဂ(EU)၏ Head of Cooperation, Mr.Johann Hess နှင့် UN-Habitat မှ Country Programmee Manager, Mr. Bijay Karmacharya တို့က အဖွင့်အမှာ စကားပြောကြားပြီး “မြန်မာ့ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ စီမံကိန်းကာလအတွင်း အဓိကအောင်မြင်မှု မှတ်တမ်းတင်ဓာတ်ပုံများ” နှင့် “ပူနွေးလာသည့် နေ့ရက်များ၊ ရာသီဥတုပြောင်းလဲ လာသည့်မြန်မာ မှတ်တမ်းဓာတ်ပုံ” တို့ကို ပြသသည်။

ထို့နောက်အလုပ်ရုံဆွေးနွေးပွဲကို နံနက်၁၀နာရီခွဲတွင် ဆက်လက်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားပြုသည့် ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများက “မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ်တို့ကို အကောင်အထည်ဖော်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက “မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ပံ့ပိုးကူညီခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။(သတင်းစဉ်)