ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင် ကမ်းလွန်ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁ဝ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့သည် ယနေ့တွင် မုတ္တမကမ်းလွန် ဒေသ လုပ်ကွက် M5 နှင့် M6 ၌ တည်ရှိသော ကမ်းလွန်ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့အား ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ တာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင် ထိန်းသိမ်းထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်မှာကြားကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် မုတ္တမကမ်းလွန်ဒေသ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက် M5နှင့် M6 တို့တွင်တည်ရှိပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Total E &P Myanmar ၊ Unocal Co. Ltd ၊ PTTEP ကုမ္ပဏီတို့အကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract, PSC) ကို (၉-၇-၁၉၉၂) ရက်တွင်ချုပ်ဆို၍ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးတွင်းတူးဖော်ရေး လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ပြီး (၃၁-၇-၁၉၉၈) ရက်တွင် ပိုက်လိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့စတင်တင်ပို့ရောင်းချခဲ့သည်။

ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တွင်းထိန်း စင်သုံးခု၊ ရုံးခန်းနှင့် လူနေစင် တစ်ခု၊ ထုတ်လုပ်ရေးစင် တစ်ခု နှင့် ဖိအားမြှင့်တင်ထိန်းချုပ်ရေးစင် တစ်ခုတို့ တည်ဆောက် ထားပြီး စီမံကိန်းဧရိယာအတွင်း လေ့လာရေးတွင်း တစ်တွင်း၊ ထုတ်လုပ်မှုမှ ပါဝင်လာသော ရေအားပြန်လည်မောင်းသွင်း သည့်တွင်း တစ်တွင်း၊ သဘာဝဓာတ်ငွေ့သိုက် ဖိအားမြှင့်တင်ရေး အတွက် ရေမောင်းသွင်းနေသည့်တွင်း လေးတွင်း၊ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးတွင်း ၁၅ တွင်းတို့မှ အောက်တိုဘာလ အတွင်း နေ့စဉ် ပျမ်းမျှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇ဝဝ ခန့်ထုတ်လုပ်လျက်ရှိသည်။

ကုဗပေ ၁၅၅ သန်းခန့် ဖြန့်ဖြူးပေး

ထိုင်းနိုင်ငံသို့ နေ့စဉ် ပျမ်းမျှ ကုဗပေသန်း ၅၁၅ သန်းအား ကမ်းလွန်ရတနာစီမံကိန်းမှ ကမ်းရိုးတန်း သဘာဝဓာတ်ငွေ့ လက်ခံစခန်းအထိ ၃၆ လက်မအချင်းရှိ ပိုက်လိုင်းအရှည် ၂၁၆ မိုင်နှင့် ထိုမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ်ရှိ သဘာဝဓာတ်ငွေ့ လွှဲပြောင်းရေးစခန်းအထိ ပိုက်လိုင်းအရှည် ၃၉ မိုင် (စုစုပေါင်း ၂၅၅ မိုင်) တည်ဆောက်၍ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တင်ပို့လျက်ရှိပြီး ပြည်တွင်းသုံးအတွက် နေ့စဉ်ပျမ်းမျှ ကုဗပေ ၁၅၅ သန်းခန့်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွင်း စီမံကိန်းဧရိယာအတွင်း ထုတ်လုပ်မှုထိန်းသိမ်းနိုင်ရေးနှင့် သဘာဝဓာတ်ငွေ့သိုက် အနေအထားသုံးသပ်ရေးအတွက် 4 Dimension Seismic ၂၂၇.၇၇ စတုရန်းကီလိုမီတာ တိုင်းတာခဲ့ပြီး ဆက်လက်၍ စီမံကိန်းလုပ်ကွက် M5 အနောက်ဘက်တွင် 3 Dimension Seismic တိုင်းတာမှုအား ဆောင်ရွက်သွားမည်ဖြစ်သည်။

ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင်(TEPM) အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးများ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများမှာလုပ်ကွက် M-5 & M-6 ရတနာစီမံကိန်း၏ Existing Yadana Facilities Environmental Management Plan (Existing Yadana Facilities - EMP) အစီရင်ခံစာကို ၁၆-၁၁-၂ဝ၁၆ ရက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့တင်ပြထားခဲ့ပြီး အဆိုပါ Existing Yadana Facilities EMP အစီရင်ခံစာကို ၆-၈-၂ဝ၁၈ ရက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အတည်ပြုခဲ့သည်။

လုပ်ကွက် M-5 & M-6 ၊ Exploration Drilling (M-6 B-1 ၏ Aung Yadana Well) \ EIA (revised) အစီရင်ခံစာကို ၂၈-၆-၂ဝ၁၇ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ECD) သို့တင်ပြခဲ့ပြီး အဆိုပါ (M-6 B-1 / Aung Yadana Well) ၏ EIA (revised) အစီရင်ခံစာကို ပြန်လည်ဖြည့်စွက်တင်ပြရန် (ECD)က မှတ်ချက်ပြုသဖြင့် ပြန်လည်ဖြည့်စွက်တင်ပြရန် TEPM ကုမ္ပဏီသို့ ၇-၉-၂ဝ၁၈ ရက်တွင် ပြန်ကြားခဲ့သည်။ လုပ်ကွက် M-5 & M-6 တို့၏ 3D Seismic Survey IEE (revised)အစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ၂၂-၅-၂ဝ၁၈ ရက်တွင် ပေးပို့တင်ပြထားခဲ့ပြီး ၁ဝ-၈-၂ဝ၁၈ ရက်တွင် အဆိုပါ IEE အစီရင်ခံစာအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အတည်ပြုခဲ့သည်။

စံညွှန်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်

ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်လျက်ရှိရာ Sewage နှင့် Gray Water များ စွန့်ပစ်ခြင်းကို MARPOL 73/78 (Annex IV) ESifh International Sewage Pollution Prevention (ISPP) Certificate နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ Putrescible (Food) Waste များစွန့်ပစ်ခြင်းကို MARPOL 73/78 (Annex V) နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊Blige Water နှင့် Deck Drainage များစွန့်ပစ်ခြင်းကို MARPOL 73/78 (Annex I)နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ Solid and Hazardous Waste Dischargeနှင့် ပတ်သက်၍ MARPOL 73/78 (Annex IV & V) နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ IFC (Inter-national Financial Corporation) မှ ပြဋ္ဌာန်းထား သော General EHS Guidelines & Offshore EHS Guidelines နှင့် IMO (International Maritime Organization)၏ ပင်လယ်ပြင်အတွင်း စွန့်ပစ်ပစ္စည်းနှင့် လိုက်နာရမည့် သတ်မှတ်ချက်များ စသည့်နိုင်ငံတကာ စံချိန် စံညွှန်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။  သတင်းစဉ်