ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာ့သစ်လုပ်ငန်းတိုင်းဒေသကြီး/ပြည်နယ် သစ်ထုတ်ရေးတာဝန်ခံ များအား တွေ့ဆုံလမ်းညွှန်မှာကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နိုဝင်ဘာ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁၀၃) သစ်စက်၊ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သည့် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေး ဌာန၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တက်ရောက်၍ တိုင်းဒေသကြီး/ ပြည်နယ် သစ်ထုတ်ရေး တာဝန်ခံများအားတွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြားသည်၊ ဆက်လက်၍ စစ်ကိုင်းမင်းဝံ တောင်ရိုး၌ Golden Hook Manufacturing Co., Ltd. က စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် နံသာဖြူစိုက်ခင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုအခြေအနေအား ကြည့်ရှုစစ်​ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် သစ်ထုတ်ရေး တာဝန်ခံများအား တွေ့ဆုံလမ်းညွှန်မှာကြားခြင်း အခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဦးရဲမြင့်ဆွေ၊ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် မြန်မာ့သစ်လုပ်ငန်း တိုင်းဒေသ ကြီး/ ပြည်နယ် သစ်ထုတ်ရေး တာဝန်ခံများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၈-၁၉ သစ်ထုတ်ရာသီတွင် နှစ်စဉ် တောထွက် ပမာဏအောက်ကိုသာ လျော့ချထုတ်လုပ်ရန်နှင့် ပြည်တွင်းသစ် လိုအပ်ချက်၊ မြန်မာ့သစ်လုပ်ငန်း၏ Operation Ratio နှင့် ကိုက်ညီမှုရှိစေရန် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝတောများမှ သစ်ထုတ်လုပ်မှုကို တတ်နိုင်သမျှလျော့ချ၍ စိုက်ခင်းသစ် ထုတ်လုပ်မှုကိုဆောင်ရွက်ရန်၊ သစ်ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းစေရန်အတွက် နိုင်ငံတကာတွင် လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသည့် သစ်ထုတ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် စံနှုန်းများနှင့်အညီ Reduce Impact Logging (RIL) နည်းစနစ်များ အတိုင်းကြီးကြပ် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ် ပြီး သစ်ကွက်များ၌ တစ်ပင်ခုတ် သုံးပင်စိုက်စနစ်ဖြင့် သဘာဝတောတန်ဖိုးမြှင့် စိုက်ခင်းတည်ထောင် ခြင်းနှင့် တစ်နိုင်တစ်ပိုင်ဝါးစိုက်ခင်းတည်ထောင်ခြင်းများကို အလေးထားဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ စိုက်ပျိုးပြီး စိုက်ခင်းများရှင်သန်မှုကောင်းစေရေး၊ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်စိုက်ခင်းစိုက်ပျိုးခြင်းလုပ်ငန်း အားနည်းချက်၊ အားသာချက်များအား ခေတ်မီနည်းစနစ်၊ အတွေ့အကြုံများပေါင်းစပ်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိကြ ရမှာဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နှင့် မိမိဌာန၏ ကောင်းရာ ကောင်းကျိုးကိစ္စများကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများ အနေဖြင့် မိမိလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား အမြဲမပြတ်တွေ့ဆုံ၍ အခက်အခဲနှင့် လိုအပ်ချက်များကို တတ်နိုင်သမျှ စီမံဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ စက်သုံးဆီများကို ချွေတာ သုံးစွဲရေး၊ အလေအလွင့်မရှိစေရေးနှင့် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ သုံးစွဲနိုင်ရေး အထူး အလေးထားကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာနပိုင်မြေနှင့် အဆောက်အဦများကို ကျူးကျော်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဌာနပိုင်မြေများကို ပိုင်ဆိုင်မှု အထောက်အထား ပြည့်ပြည့်စုံစုံရှိအောင် တာဝန်ရှိသူများက ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနပိုင်မြေပေါ်တွင် ရှိသည့် ကျူးကျော်များအား ဖယ်ရှားရှင်းလင်းရန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တာဝန်သာ ဖြစ်သည့် အတွက် ကျူးကျော်မှုရှိပါက ဥပဒေနှင့်အညီချက်ချင်း ဖယ်ရှားရှင်းလင်းရန် လိုအပ်ကြောင်း၊ မြန်မာ့ သစ်လုပ်ငန်းအနေဖြင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အပန်းဖြေစခန်းများကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့်အတွက် ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ကာ ပြည်သူလူထုပူးပေါင်း ပါဝင်သည့် ခရီးသွားလုပ်ငန်းများ Community Based Tourism ကို ပိုမိုဖော်ဆောင်နိုင်တော့မှာဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမင်းဝံတောင်ရိုး၌ စိုက်ပျိုး ဆောင်ရွက်လျက် ရှိသည့် Golden Hook Manufacturing Co., Ltd. ၏ နံသာဖြူ စိုက်ခင်းသို့ရောက်ရှိရာ စစ်ကိုင်း ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက မင်းဝံတောင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဘေးမဲ့တောအတွင်း သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က စိုက်ခင်းတည်ထောင်ဆောင်ရွက်မှုနှင့် သဘာဝတော ကျန်ထိန်းသိမ်းစောင့်ရှောက်မှု၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍  ကင်းလှည့်စစ်ဆေး ဆောင်ရွက်မှု၊ မင်းဝံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ Golden Hook Manufacturing Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးကျော်က မူလပေါက်ရောက်လျှက်ရှိသည့် သဘာဝပေါက်ပင်များကို လက်ခံပင် Host Plant အဖြစ်အသုံးပြု၍ သစ်တောသစ်ပင်ပျက်စီးမှုမရှိဘဲ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုနိုင်သည့် နံသာဖြူပင်စိုက်ပျိုးဆောင်ရွက်မှု၊ လက်ရှိစိုက်ပျိုး ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် ဆက်လက် စိုက်ပျိုးဆောင်ရွက်မည့်အစီအစဉ်၊ စိုက်ပျိုးဆောင်ရွက်မှု နည်းစနစ်များ၊ တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။ ၎င်းနောက် နံသာဖြူစိုက်ခင်းအတွင်း အမှတ်တရ နံသာဖြူပင် အားစိုက်ပျိုးပေးခဲ့သည်။ ဆက်လက်၍ နံသာဖြူစိုက်ခင်းနှင့်  Golden Hook Manufacturing Co., Ltd.သည်  ခေတ်မီစက်ကိရိယာများ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန် နံသာဖြူပန်းပုရုပ်များ ထုတ်လုပ် နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။