ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ Assistant Director General ဖြစ်သူ မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၁၉-၂-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ Assistant Director General ဖြစ်သူ Ms. Kundhavi Kadiresan နှင့်အဖွဲ့မှ ယနေ့ ၁၉-၂-၂၀၁၉ ရက်နေ့၊ (၁၅:၃၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ သစ်တောကဏ္ဍတွင် FAO နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ သစ်တောပြန်လည်ပြုစုပျိုးထောင်ရေး (၁၀) နှစ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် FAO မှ အကူအညီပေးနိုင်မည့် Technical Cooperation Program (TCP)များ၊ ပဲခူးရိုးမပြန်လည် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။