ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးသံမှူးများ လာရောက် ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ၂၂−၄−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများအား ယနေ့ ၂၂-၄-၂၀၁၉ ရက်နေ့ (၁ဝး၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး နှင့် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တို့ တက်ရောက်ကြသည်။

ထိုသို့ဆွေးနွေးရာတွင် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍများ၏ ရေရှည်ရည်မှန်းချက်များတွင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြန်မာ့သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဥရောပဈေးကွက်အပါအဝင် နိုင်ငံတကာဈေးကွက်၌ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် Forest Law Enforcement, Governance and Trade FLEGT လုပ်ငန်းစဉ်များ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းများမှ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးတက်ရရှိရေးလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ရာ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။