ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ပုဂ္ဂလိကသစ် အချောထည်စက်ရုံ၊ AfoCo Regional Education and Training Center နှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန (CFDTC) တွင် သင်တန်းများ ပို့ချနေမှုတို့အား ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ၅−၅−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၅.၅.၂၀၁၉) နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် အတွင်းရှိ ရွှေဝတ်မှုံကုမ္ပဏီ၏ သစ်ပါးလွှာထုတ်လုပ်သည့်စက်ရုံသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ စက်ရုံအတွင်း သစ်လုံးကုန်ကြမ်းမှ သစ်ပါးလွှာထုတ်လုပ်နေမှု၊ သစ်ပါးလွှာအတန်းအစားခွဲခြားမှု၊ ပြည်ပသို့တင်ပို့ရန် ထုတ်ပိုးမှုလုပ်ငန်းအဆင့်ဆင့်အား စက်ရုံအတွင်းလိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများမှ ဧည့်ခန်းမအတွင်း ၂၀၁၅ခုနှစ် စက်ရုံတည်ဆောက်သည်မှ လက်ရှိလုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည်အထိ နှစ်စဉ်သစ်လုံးကုန်ကြမ်းရရှိမှု၊ သစ်ပါးလွှာထုတ်လုပ်နိုင်မှု၊ ပြည်ပစျေးကွက်သို့တင်ပို့နိုင်မှု၊ နိုင်ငံတော်သို့အခွန်အခများပေးသွင်းနိုင်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရလက်ထက်တွင် သစ်ထုတ်လုပ်မှုကို လျော့ချထားပါကြောင်း၊ သို့သော် သစ်ပါးလွှာထုတ်လုပ်ရန် အရည်အသွေး ပိုမိုကောင်းမွန်သော ကုန်ကြမ်းရရှိစေရန် Fresh Cut သစ်လုံးများကို မြန်မာ့သစ်လုပ်ငန်းမှလေလံတင်ရောင်းချပေးလျက်ရှိပါကြောင်း၊ ကုန်ကြမ်းသစ်လုံးများဝယ်ယူခြင်း နှင့်စပ်လျဉ်း၍ ကုမ္ပဏီမှတင်ပြသော နယ်သစ်ဆိပ်မှ ရန်ကုန်မြို့သို့သယ်ယူသည့် အချိန်ကာလအတွက် သစ်ဖိုး ငွေကြိုတင်ပေးသွင်းရသည့်အပေါ် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ဗဟို သစ်တောလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် လေ့ကျင့်ပညာပေးရေးဌာန ဧည့်ခန်းမတွင် သင်တန်းကျောင်း တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ရာ သင်တန်းကျောင်းအုပ်ကြီးမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းဖွင့်လှစ်မည့် သင်တန်းများနှင့်စပ်လျည်း၍ ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ကာလအချိန်တိုအတွင်း ထိထိရောက်ရောက် သင်ကြားပို့ချနိုင်ရန်အတွက် သင်တန်းဆရာ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ စေတနာပါပါဖြင့် သင်တန်းမှတ်စုများကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်ကြောင်း၊ စာတွေ့သာမကလက်တွေ့ကိုပါ အချိန်ပေးသင်ကြားပေးရန်လိုအပ်ကြောင်း၊ အထူးသဖြင့် အသက်အရွယ်၊ ပညာအရည်အချင်း၊ အတွေ့အကြုံမတူညီသော သင်တန်းသားများပါဝင်သည့် သင်တန်းမျိုးအတွက် သင်တန်းဆရာများနှင့် ကြီးကြပ်သူများက စေတနာပါပါဖြင့် ဘက်စုံထောင့်စုံမှ စဉ်းစားပြီး သင်ကြားပို့ချပေးမှသာ ထိရောက်သောသင်တန်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း၊ ထို့အပြင် သင်တန်းများကိုလည်း အခြေခံသင်တန်း၊ မွန်းမံသင်တန်း၊ လူမှုစီးပွားရေး အထောက်အကူပြုသင်တန်းများ စသည်ဖြင့်အမျိုးအစားခွဲခြား၍ ဦးစားပေးရမည့်အချက်အလက်များကို သင်တန်းကျောင်းတာဝန်ရှိသူများမှ ရွေးချယ်သတ်မှတ် ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းပြီးပါကလည်း ဆက်လက်လေ့လာနိုင်ရေးအတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးခြင်းဖြင့် သင်တန်းဆင်းကျောင်းသားများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း ဆွေနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောဦးစီးဌာန၊ မှော်ဘီသစ်စေ့နှင့် ပျိုးပင်ထုတ်လုပ်ရေးဝင်းအတွင်း အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO Regional Education and Training Centre) အတွက် ရွှေမိုးထွဋ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်နေသည့် ခြောက်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး ဆောက်လုပ်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သတ်မှတ်အချိန်ကာလအတွင်း စံချိန်စံညွှန်ပြည့်မီစွာ ပြီးစီးအောင်တည်ဆောက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်အာရှဒေသအဆင့်သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ သင်တန်းကျောင်းတာဝန်ရှိသူများမှသင်တန်းကျောင်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ သင်တန်းဖွင့်လှစ်ပို့ချပြီးစီးမှု၊ ဆက်လက်ဖွင့်လှစ်မည့်သင်တန်းများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အာရှဒေသအဆင့်မီ သင်တန်းကျောင်းတစ်ခုဖြစ်နေရန်အတွက် သင်တန်းကျောင်းအဆောက်အဦများ စနစ်တကျထိန်းသိမ်းရန်၊ သင်တန်းကာလအတွင်းနှင့် သင်တန်းပြီးနောက်ပိုင်းတွင် ပြန်လည်ဆန်းစစ်အကဲဖြတ်လေ့လာမှုများ ပြုလုပ်ခြင်းအား သင်ကြားရေးအတွက်သာမက သင်သန်းသားများစားသောက်နေထိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက်ပါဆောင်ရွက်ရန်၊ လုံခြုံရေးနှင့် သင်တန်းကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးတို့လည်း ဦးစားပေးဆောင်ရွက်ရန့် လမ်းညွှန်မှာကြားခဲ့သည်။