ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းအား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H. E. Mr. Tim Enderlin လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၈-၅-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Tim Enderlin အား ယနေ့ ၈-၅-၂၀၁၉ရက်နေ့၊ (၁၀:၄၅) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ အမျိုးသားမြေအသုံးချမှုမူဝါဒ အကောင်အထည် ဖော်ရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ အမျိုးသားမြေအသုံးချမှုကောင်စီနှင့် အထောက် အကူပြုလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုနှင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုသည့် အခြေအနေများ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) လုပ်ငန်းစီမံကိန်းအရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ရေးဆွဲထုတ်ပြန်မည့် အခြေအနေနှင့် အဓိကဦးစားပေး ဆောင်ရွက်မည့်လုပ်ငန်းနယ်ပယ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment – EIA) လုပ်ထုံးလုပ်နည်းများအရ အစီရင်ခံစာများအပေါ် သုံးသပ်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များ မြန်ဆန်စေရန် ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း၊ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်းသတင်းရရှိသည်။