နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မန်းရွှေစက်တော်ဘုရားအားဖူးမြော်ကြည်ညိုပြီး ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း၊ ရွှေသမင်နှင့် မြန်မာ့ကြယ်လိပ်မွေးမြူထားရှိမှုအား ကြည့်ရှု

မကွေး မေ ၉

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိ ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက မကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်သို့ ရောက်ရှိကြပြီး အောက်စက်တော်ရာအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာတို့ ကပ်လှူ ပူဇော်သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အထက်စက်တော်ရာ စေတီတော်အား ဖူးမြော်ကြည်ညိုပြီးပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာတို့ ကပ်လှူပူဇော် ကာ စေတီတော်အတွက် အလှူငွေကျပ် ၅သိန်းကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်း သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အထက်စက်တော်ရာရင်ပြင်မှ မန်းချောင်းနှင့် ရွှေစက်တော် ပတ်ဝန်းကျင်အခြေအနေ၊ မန်းရွှေစက်တော်မှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုပြီး မန်းရွှေစက်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မန်းရွှေစက်တော်ရှိ ကိုးခန်းကြီး ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုပြီးပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာတို့ ကပ်လှူပူဇော်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောက်စက်တော်ရာ၊ အထက်စက်တော် ရာနှင့် ကိုးခန်းကြီး ဗုဒ္ဓရုပ်ပွားတော်တို့အား ဖူးမြော်ကြည်ညိုစဉ် ဒေသခံပြည်သူ များအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ရွှေစက်တော် မန်းချောင်း ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အပန်းဖြေဆင်စခန်းအတွင်း ဆင်များအား လိုက်လံ ကြည့်ရှုပြီး အစာများကျွေးမွေးကာ ဆင်စခန်းအတွက် ထောက်ပံ့ ငွေကျပ် (၅) သိန်းကိုပေးအပ်သည်။ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆင်စခန်းရှေ့ သတ်မှတ်နေ ရာတွင် မဇ္ဇူသက အပင်ကို စိုက်ပျိုးပေးသည်။

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ဆင်ကောင်ရေ(၁၅)ကောင် ရှိပြီးလာရောက် အပန်းဖြေ သူများ ညအိပ်နိုင်ရန်အတွက် လုံးချင်းအိပ်ဆောင် (၁၁)လုံး ကိုလည်း ထည့်သွင်းတည် ဆောက် ထားကြောင်း သိရသည်။ ရွှေစက်တော် အပန်းဖြေ ဆင်စခန်းတွင် ဆင်စီးခြင်း၊ ဆင်စာကျွေးနိုင်ခြင်း၊ ဆင်များကို ကိုယ်တိုင်ရေချပေး နိုင်ခြင်းနှင့် ဆင်တို့၏နေထိုင်စားသောက်မှုကို သဘာဝအတိုင်းလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါဆင်စခန်းမှာ ဧက(၁၁၀) အကျယ် အဝန်းရှိပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားသို့ သွားရောက် သည့်(၈)မိုင်လမ်းဘေးတွင် တည်ရှိကြောင်းသိရသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ရွှေသမင်မွေးမြူရေးခြံသို့ ရောက်ပြီး ရွှေသမင်မွေမြူထားရှိမှုကို ကြည့်ရှုသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်လွင် က ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့ တောဆိုင်ရာ အချက်အလက်များနှင့် မြန်မာ့ကြယ်လိပ် မွေးမြူထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ့ကြယ်လိပ်မွေးမြူ ထားရှိမှုကိုကြည့်ရှုသည်။ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ ငဖဲ၊ ပွင့်ဖြူနှင့် စေတုတ္တရာ မြို့နယ်တို့ အတွင်းတည်ရှိကာ ၁၉၄၀ ခုနှစ်က တည်ထောင်ခဲ့ပြီးအဆိုပါ ဘေးမဲ့တော ထဲတွင် အပင်မျိုးစိတ် ၁၁၈ မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် ၁၄ မျိုး၊ ငှက်မျိုးစိတ် ၁၄၆ မျိုး၊ ကုန်းနေ၊ ရေနေတွားသွားသတ္တဝါမျိုးစိတ် ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုး၊ ရေချိုငါးမျိုးစိတ် ၂၂ မျိုးတို့ကို ကာကွယ်ထိန်းသိမ်းထား ကြောင်းသိရသည်။

ယင်းဘေးမဲ့တောမှာ အင်တိုင်းတောနိမ့်၊ အထက် ရွက်ပြတ် ရောနှောတောနှင့် တောခြောက် (သန်းဒဟတ်တော) တောအမျိုးအစားဖြစ်ပြီး ၁၁၄၆၇၈ ဒသမ ၇၁ ဧက အကျယ်အဝန်းရှိကာ ရွှေသမင်မျိုးစိတ်ကို အဓိကကာကွယ် ထိန်းသိမ်းထားပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် စာရင်းကောက်ယူ မှုအရရွှေသမင် ၉၅၂ကောင် ကျက်စားလျက်ရှိ ကြောင်းသိရသည်။

ထို့ပြင် ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသည် မြန်မာ့ဒေသမျိုးရင်း ဖြစ်သော ကြယ်လိပ်များကို ခြံလှောင်ထိန်းသိမ်းမွေးမြူထားပြီး သဘာဝတော အတွင်းသို့ ပြန်လည်စေ လွှတ်ခြင်းကို ၁၉၉၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် အကောင်၁၅၀၊၂၀၁၈ ခုနှစ်တွင် အကောင် ၉၅၀ကို စမ်းသပ်စေလွှတ်နိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ကြယ်လိပ် ၆၅၀ ကောင်ကိုစေလွှတ် ထားကြောင်း၊ ယခုလက်ရှိတွင် ကြယ်လိပ် ၃၃၀ ကောင်ကိုခြံလှောင်မွေးမြူထားကြောင်း သိရသည်။

ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ပတ်သက်ပြီးဒေသခံပြည်သူ များအား အသိပညာ ပေးခြင်းနှင့် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရွှေသမင် စာရင်းကောက်ယူခြင်း၊ နယ်နိမိတ် ဘုတ်တိုင်စစ်ဆေးခြင်း၊ ဘုရားပွဲရာသီတွင် ပညာပေး ပြခန်းဖွင့်လှစ်ပြသခြင်း၊ ဝန်ထမ်းများအား လေ့ကျင့်ပညာပေးခြင်း၊ သဘာ၀ ရေထွက် စမ်းများစစ်ဆေးခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည်ရွှေစက်တော်မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ မကွေးမြို့သို့ ပြန်လည်ရောက်ရှိကြ သည်။
Ref; Myanmar State Counsellor Office (MOI)10-5-2019