ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) မှ Country Director Dr. Christy Williams နှင့် အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ --၂၀၁၉

သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) မှ Country Director ဖြစ်သူ Dr. Christy Williams နှင့် အဖွဲ့က ယနေ့ ၆-၆-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာ့သစ်လုပ်ငန်း နေပြည်တော်ကောင်စီနယ်မြေတိုင်းရုံးမှ ဒုတိယအထွေထွေမန်နေဂျာ ဦးစိုးနိုင်တို့ တက်ရောက်ခဲ့ကြသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ ( World Wide Fund for Nature - WWF) တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU သက်တမ်းတိုးမြှင့်ရေး၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲမှုသင်တန်းကျောင်း (Wildlife College) တည်ထောင်ရေး၊ Global Environment Fund- GEF 7 စီမံကိန်းဆိုင်ရာ ပဲခူးရိုးမမြောက် ဇာမရီဆင်ဘေးမဲ့တောထိန်းသိမ်းရေး၊ ပဲခူးရိုးမထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများတွင် တရားမဝင်ဆင်သတ်ဖြတ်မှုများလုံးဝရပ်တံ့ရေး (Zero Poaching) ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။