ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား ရန်ကုန်မြို့၊အမေရိကန်သံရုံးမှသံရုံးယာယီတာဝန်ခံ Mr. George Sibley နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊၂၅-၇-၂၀၁၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. George Sibley နှင့် ဒုတိယအတွင်းဝန် Ms. Sarah Grebowski နှင့်အဖွဲ့အား ယနေ့ ၂၅-၇-၂၀၁၉ ရက်နေ့၊ (၁၀:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းတို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ Extractive Industry Transparancy Initiative (EITI) သစ်တောကဏ္ဍအစီရင်ခံစာကို ဒေသတွင်းနိုင်ငံများအကြား ဦးစွာထုတ်ပြန် ကြေညာနိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈) ပြဌာန်းမှုနှင့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်နေမှုများ၊ တရားမဝင်သစ်ခုတ်လှဲထုတ်လုပ်မှုများအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် Community Monitoring and Reporting System (CMRS) ဆောင်ရွက်မှု နည်းလမ်းများနှင့် ဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သစ်တောပြန်လည် တည်ထောင်ခြင်းအတွက် နိုင်ငံတစ်ဝန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပမှုများနှင့် အလွှာပေါင်းစုံမှ ပူးပေါင်းပါဝင်နိုင်မှုများ၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေ (၂၀၁၉) ပြဌာန်းမှုနှင့် အကောင်အထည်ဖော်မည့် နည်းဥပဒေများ ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဓာတ်သတ္တုမူဝါဒရေးဆွဲပြုစုမှုတို့တွင် နည်းပညာအကူအညီ၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ ဖွံဖြိုးမှုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဟန်ချက်ညီစေရေးအတွက် စံသတ်မှတ်ချက်များနှင့်အညီ လေ့လာဆန်းစစ်ခြင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ခြင်း၊ ကဏ္ဍအလိုက်ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းများ ရေးဆွဲပြုစုခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဘောင်နှင့် ရာသီဥတုပြောင်းလဲမှုမဟာဗျူဟာနှင့် စီမံချက်များ ထုတ်ပြန်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပလပ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်အမှိုက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်မှု အန္တရာယ်နှင့် တားဆီးမည့် နည်းလမ်းများ၊ နည်းပညာအကူအညီ ပံ့ပိုးပေးနိုင်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးနှင့် ထိခိုက်မှုလျော့နည်း သက်သာစေရေး ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။