ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မန္တလေးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာထင်းစိုက်ခင်းများ၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကြည့်ရှု့စစ်ဆေးခြင်း

နေပြည်တော်၊ ၁၁−၈−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြဂုတ်လ ၁၀ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ ဖမ်းဆီးရမိ တရားမဝင်သစ်များစုပုံထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို ဖမ်းဆီးရမိအမှု တစ်ခုချင်း အလိုက်စနစ်တကျစုပုံထားရှိရန်၊ ပုံစံ(၈)စာရင်းဝင်သစ်များ ပျက်စီး၊ ပျောက်ဆုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအထူးအလေးထားဆောင်ရွက်ရန်၊ သစ်များအလေအလွင့်မဖြစ်စေရန်နှင့် သစ်များအရည်အသွေးမကျမီ အမြန်ဆုံးထုခွဲရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ဆုထူးပန်ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ရေးနှင့် စက်မှုလက်မှုသက်မွေး(အခမဲ့)သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ သင်တန်းကျောင်းသည် မျိုးဆက်သစ်လူငယ်များအား ကျောက်မျက်ရတနာအချော ထည်ထုတ်လုပ်ခြင်း နည်းပညာများကို နိုင်ငံတကာခေတ်မီစက်ကိရိယာများဖြင့် ပညာရှင်များဖိတ်ခေါ်၍ ကျောက်မျက်သင်တန်း၊ ပန်းတိမ်သင်တန်းအပါအဝင် သင်တန်း ၁၂ မျိုးကို စရိတ်ငြိမ်းအခမဲ့သင်ကြားပို့ချလျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ မျိုးဆက်သစ်လူငယ်များအား သက်မွေးမှုအတတ်ပညာများ သင်ကြားပို့ချဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးကို ကြိုးပမ်းဆောင်ရွက်ရန်၊ စနစ်ကျသော၊ စည်းကမ်းပြည့်ဝသော၊ အများအကျိုးသယ်ပိုးဆောင်ရွက်လိုသော မျိုးဆက်သစ်လူငယ်များမွေးထုတ်ပေးနိုင်ရေးဦးစားပေးဆောင်ရွက်ရန်နှင့် သင်တန်းမှပို့ချသည့် လက်မှုအတတ်ပညာစွမ်းပကားဖြင့် သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက်အကျိုးရှိရှိ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်းဖြင့်နိုင်ငံဘဏ္ဍာကိုတိုးတက်ရှာဖွေနိုင်စေရန်တို့ကိုဆွေးနွေးမှာကြားသည်။၎င်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မန္တလေးမြို့၊၅၃လမ်းနှင့်၅၄ လမ်းကြား၊ သိပ္ပံလမ်းရှိ Green Life Co., Ltd. ၏ ကျောက်စိမ်း အရောင်းပြခန်းသို့ရောက်ရှိ၍ ကျောက်စိမ်းလက်ဝတ်ရတနာအချောထည်အရောင်းဆိုင်၊ ကျောက်စိမ်းပြခန်းနှင့် အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တွင်းထွက်သယံဇာတများကို ခေတ်မီနည်းပညာ၊ စက်ကိရိယာတို့နှင့်ပေါင်းစပ်၍ တန်ဖိုးမြှင့်အချောထည်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့မှ နွားထိုးကြီးမြို့သို့ ဆက်လက်ထွက်ခွာ၍ မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအားကြည့်ရှုစစ်ဆေးပါသည်။ ဘေးမဲ့တောရှင်းလင်းဆောင်တွင် တာဝန်ခံက ဘေးမဲ့တောဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကြယ်လိပ်များအား ခြံလှောင်သားဖောက်မွေးမြူခြင်းနှင့်သဘာဝနေရင်းဒေသအတွင်း ပြန်လည်စေလွှတ် ခြင်း ဆောင်ရွက်ရာတွင် အခြားတိရစ္ဆာန်များ၏ သတ်ဖြတ်စားသောက်မှု မခံရစေရေး အလေးထားဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှု၊ အပူအအေးမမျှတမှုတို့ကြောင့် ကြယ်လိပ်များ သေကြေဆုံးရှုံးမှု မရှိစေရေး လိုအပ်ချက်များကို ကြိုတင်ဂရုပြုပြင်ဆင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားကာ ကြယ်လိပ်မွေးမြူဆောင်ရွက်မှု အခြေအနေကို လှည့်လည်စစ်ဆေးသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မကွေးတိုင်းဒေသကြီးသို့ရောက်ရှိရာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ  ဦးစီးဌာနနှင့်လုပ်ငန်းဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ သစ်တောဦးစီးဌာနက တည်ထောင်စိုက်ပျိုးဆောင်ရွက်လျှက်ရှိသည့် ကျေးရွာထင်းစိုက်ခင်း (၂/၂၀၁၉) (၂၅)ဧက၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာနက စိုက်ပျိုးဆောင်ရွက်လျှက်ရှိသည့် ကျေးရွာသုံးစိုက်ခင်း(၁/၂၀၁၈) (၅၀)ဧကနှင့် (၁/၂၀၁၉) (၅၀)ဧကတို့အား ကြည့်ရှုစစ်ဆေး၍ သစ်တောနယ်မြေအတွင်း မကျရောက်သည့် မြေပေါ်တွင်စိုက်ပျိုးဆောင်ရွက်ပါက ဒေသခံပြည်သူတို့၏သဘောထား၊ သက်ဆိုင်ရာခွင့်ပြုချက်ရယူ၍ နောင်တစ်ချိန်တွင် မြေယာအငြင်းပွားမှုမဖြစ်ပေါ်နိုင်သည့် နေရာတွင်သာ စိုက်ပျိုးဆောင်ရွက်ရန်၊ အပူပိုင်းဒေသတွင်စိုက်ပျိုးဆောင်ရွက်သည့် စိုက်ခင်းများအား မြေဆီလွှာထိန်းသိမ်းမှုရှုထောင့်ကို အဖက်ဖက်မှ စဉ်းစားပြီးမှသာဆောင်ရွက်ရန်၊ စိုက်ခင်းအတွင်း ရေစီးရေလာပေါ်မူတည်၍ နုန်းထိန်းတမံငယ်များကို ဇီဝနည်းဖြင့်သော်လည်းကောင်း၊ ဝါး၊ ကိုင်းတက်များအသုံးပြု၍ ဆောင်ရွက်ရန်၊ စိုက်ခင်းဧရိယာနယ်နိမိတ်အစပ် ချောင်းထဲစီးဝင်နိုင်မည့်နေရာများတွင်သာ ကျောက်စီနုန်းထိန်းတမံ ပြုလုပ်ဆောင်ရွက်ရန်၊ စိုက်ပျိုးခြင်းလုပ်ငန်းဖြင့်သာ အဆုံးမသတ်ဘဲ ထိန်းသိမ်းရေးအပိုင်းကိုလည်း ထိထိရောက်ရောက် စီမံချက်ရေးဆွဲချမှတ်ဆောင်ရွက်ရန်၊ ပြည်သူဗဟိုပြုစိုက်ခင်းများ၊ ကျေးရွာများနှင့် ပူးပေါင်းဆောင်ရွက်သည့် စိုက်ခင်းများ၌လည်း စိုက်ခင်းထိန်းသိမ်းမှုအပိုင်းကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှုရှိ/မရှိ ပြန်လည်ဆန်းစစ်တင်ပြရန်၊ စိုက်ခင်းအောင်မြင်မှု၊ ထိန်းသိမ်းဆောင်ရွက်နိုင်မှုအခြေအနေကို တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင် တာဝန်ခံများက အနည်းဆုံး (၃) လတစ်ကြိမ် ကွင်းဆင်းစစ်ဆေးတင်ပြဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပခုက္ကူမြို့မှ ညောင်ဦးမြို့သို့ ပြန်လည်ထွက်ခွာ၍ ညောင်ဦးမြို့ မြန်မာသစ်လုပ်ငန်းဧည့်ရိပ်သာတွင်ညအိပ်ရပ်နားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့မှ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်၊ ရှေ့ဦးစွာ ချောက်ရေနံမြေ ဘီဝမ်း(B1) ကုန်းပြန့်ဧရိယာတွင် စိုက်ပျိုးထားရှိသည့် သစ်မျိုးစုံစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/ လမ်းရွာ ရေနံမြေ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်မှ လှူဒါန်းသည့် ရေပန့်နှင့် မြင်းကောင်ရေ ၅၀အား မော်တာတပ်ဆင်ထားရှိမှု၊ ရေပိုက်လိုင်းသွယ်တန်းမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ရွှေပုံတောင်ပျိုးဥယျာဉ်အတွင်း ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပုံတောင် စိမ်းလန်းစိုပြည်ရေး ဧရိယာ ဘီတူး(B2)ကုန်း၌ ၂၀၁၈ ခုနှစ်၊ မိုးရာသီနှင့် မတိုင်မီကာလများအတွင်း ရေလောင်းစိုက်ပျိုးဆောင်ရွက်ခဲ့သည့် သစ်ပင်များ၊ မြေဆီလွှာတိုက်စားမှုလျော့ပါးသက်သာစေရန် စိုက်ပျိုးထားသည့် ဗက်တီဘာမြက်စိုက်ပျိုးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဤဒေသသည် သစ်ပင်ပေါက်ရောက်ရန် အလွန်ခက်ခဲသည့်ဒေသဖြစ်သည့်အတွက် စိုက်ခင်းတည်ထောင်ရာတွင် မူလသစ်ပင်ရှိပါက ရှင်းလင်းဖယ်ရှားခြင်းမပြုဘဲ ဆောင်ရွက်ရန်၊ နွေရာသီတွင် ရေလောင်းစိုက်ပျိုးရသည့် စိုက်ခင်းကုန်ကျစရိတ်များ၊ ကျန်းမာသန်စွမ်း သည့်နှစ်ချို့ပျိုးပင်ကြီးများဖြင့် စိုက်ပျိုးမှသာ ဒေသ၏ရာသီဥတုဒဏ်ခံနိုင်မည်ဖြစ်၍ နှစ်ချို့ပျိုးပင်ကြီးများအား ပျိုးအိတ်အရွယ်အစားအလိုက် အဆင့်ဆင့်ကူးပြောင်းပျိုးထောင်ရသည့် ကုန်ကျစရိတ်များကို စနစ်တကျ မှတ်တမ်းထားရှိဆောင်ရွက်ရန်၊ စိုက်ပင်ရှင်သန်ကြီးထွားမှု၊ ဒေသ၏ အပူချိန်၊ မိုးရေချိန်တို့ကို စနစ်တကျမှတ်တမ်းထားရှိ ဆောင်ရွက်ရန်နှင့် စိုက်ကွက်အလိုက် စိုက်ပင်များရှင်သန်အောင်မြင်မှုများကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်စစ်ဆေး၍ မှတ်တမ်းထားရှိရန်၊ ပျိုးဘောင်များ၌ စတင်ပျိုးထောင်သည့်ရက်စွဲ၊ မြန်မာအမည်၊ သိပ္ပံအမည်တို့ကို စနစ်တကျမှန်ကန်စွာရေးသားထားရှိရန်၊ စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ဆက်စပ် အဖွဲ့အစည်း သိရှိ မြင်သာအောင် ရှင်းလင်းချပြရန်တို့ကို လမ်းညွှန်မှာကြားကြောင်းသိရသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချောက်မြို့မှ ရေနံချောင်းမြို့သို့ ဆက်လက်ထွက်ခွာ၍ ရေနံချောင်းမြို့ရှောင်ကွင်းလမ်းမိုင်တိုင်(၆/၃)နှင့် (၆/၅)တို့၌ လမ်းဘေးဝဲယာတွင် စိုက်ပျိုးထားရှိသည့် သစ်မျိုးစုံစမ်းသပ်စိုက်ခင်း၊ အထူးစိမ်းပျိုးပင်ကြီးစိုက်ခင်း၊ ကွန်တိုစိုက်ခင်းနှင့် ရေဝေရေလဲစိုက်ခင်းတို့ကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ရေနံချောင်းမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ဖန်ခါးစမ်းပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးကာပျိုးဥယျာဉ်ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ရေနံ​ချောင်း မြို့ရှောင်လမ်းဝဲယာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် Greening Complex Zone ဧက (၁၀၀၀၀) လုပ်ငန်းစီမံချက်ကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးကဤဒေသသည် မိုးနည်းပါးသည့်အတွက် ဒေသတွင်းပေါက်ရောက်နိုင်သည့် သစ်မျိုးများကို ခေတ်မီစက်ကိရိယာများ၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် ပေါင်းစပ်၍ အသေးစိတ်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နောင်တစ်ချိန်တွင် မြေယာအငြင်းပွားများမဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးမြေ ပိုင်ဆိုင်ခြင်း ခိုင်မာမှုရှိစေရေး ကြိုတင်ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုသစ်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ သစ်မျိုးစုံစမ်းသပ်စိုက်ခင်းအားလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနကဆောင်ရွက်လျှက်ရှိသည့် တရုတ်-မြန်မာချစ်ကြည်ရေးသစ်မျိုးစုံဥယျာဉ်(၁၀၀)ဧက၏ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသတင်းရရှိသည်။