ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၊ ၁၄−၈−၂၀၁၉

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယကဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၆)ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုယ်စား Ecosystem Conservation and Community Development Initiative (ECCDI) ဥက္ကဋ္ဌ ဒေါက်တာ ကျော်တင့်၊ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၆ ဖြင့် လုပ်ငန်းတာဝန် (၂၆) ရပ်ချမှတ်ကာ အဖွဲ့ဝင် (၂၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းကော်မတီ(၆) ခုနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ (၃) နှစ်ကျော်ကာလအတွင်း အစည်းအဝေး (၇) ကြိမ်ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း (၉၅)ချက်အနက်ဆောင်ရွက်ပြီး (၄၆) ချက်၊ ဆောင်ရွက်ဆဲ (၄၉) ချက်ရှိပြီး ဆောင်ရွက်ဆဲ (၄၉)ချက်တွင်လည်း ရေရှည်ဆောင်ရွက်ရမည့် အချက်(၁၅)ချက်နှင့် လတ်တလောဆောင်ရွက်ရမည့်အချက် (၃၄) ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးလေ အကျိုးရှိလေဖြစ်သည့် အတွက် အမြန်ပြီးစီးရေး အချိန်ကာလသက်မှတ်ကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရေရှည်ဖွံ့ဖြိုးပြီးဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ရရှိရေး ဆောင်ရွက်သည့်အခါတွင် သဘာဝသယံဇာတများကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး၊ ကောင်းမွန်သည့် ဂေဟစနစ်များရှိစေရေးနှင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းရေးတို့သည် အလွန်အရေးကြီးသည့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍသည် အလွန်ကျယ်ပြန့်လှသော နယ်ပယ်ဖြစ်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ကြီးကြပ်မှုကော်မတီများ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့်၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အထိသာမက ခရိုင်/မြို့နယ်အဆင့်အထိကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းညှိနှိုင်းပြီး ရေရှည်ဆောင်ရွက်သွားမည့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း။

အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများထဲမှ ထူးခြားသည့် ဆောင်ရွက်ချက်များအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ”၊ “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ”၊ “မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀)”နှင့် “မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀)” တို့ကို နိုင်ငံတော်အစိုးရက ချမှတ်ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” ကိုလည်း ရေးဆွဲပြီးဖြစ်သည့်အတွက် မကြာမီထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များတွင် ဆက်စပ်ပတ်သက်သူများ အားလုံး၏ဆွေးနွေးအကြံပြုချက်များကို အခြေပြုပြီး လက်ရှိနိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နိုင်ငံတကာ သဘောတူညီချက်ပါ ကတိကဝတ်များ စသည့်ကိစ္စရပ်များကိုလည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အဓိကလမ်းပြမြေပုံ အနေဖြင့် သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနယ်ပယ်ကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဝါဒတွင် “နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံနိုင်ရည် ရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရန် နိုင်ငံတော် အစိုးရသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကြောင်း”နှင့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒတွင်“အစိုးရအဖွဲ့အဆင့်ဆင့်၌ ကဏ္ဍအသီးသီး၏စီမံကိန်းများရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးကို အဓိကလုပ်ငန်းစဉ်တစ်ခုအနေဖြင့် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း” တို့ကို ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် မိမိတို့ ကော်မတီအနေဖြင့် နိုင်ငံတော်က ချမှတ်ပြီးဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမဟာဗျူဟာနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်များတွင်ပါဝင်သည့် ဦးစားပေးလုပ်ငန်းစဉ်များကိုဝန်ကြီးဌာနများနှင့်နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှုပင်မလုပ်ငန်းစီမံချက်များတွင်ထည့်သွင်းပေါင်းစပ်ပြီးလက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယခုအခါတွင် နိုင်ငံ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ မြို့ပြနှင့် စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးလာသည့်အတွက် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သိသာထင်ရှားသော စိန်ခေါ်မှုများကို ပိုမိုကြုံတွေ့လာနိုင်ပါကြောင်း၊ ထို့အပြင် စွန့်ပစ်ပစ္စည်းများအတွက် စနစ်ကျသည့် စီမံခန့်ခွဲမှု စနစ်များမရှိခြင်းကြောင့် စွန့်ပစ်ပစ္စည်းများကို လမ်းများနှင့် မြစ်ချောင်း၊ အင်းအိုင်များတွင် စည်းကမ်းမဲ့ စွန့်ပစ်လေ့ရှိကြသည့်အပြင် စွန့်ပစ်ပစ္စည်းများအား လေဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်းကြောင့်လည်း လေထု၊ မြေထုနှင့် ရေထုတို့ကို ညစ်ညမ်းစေလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လိုအပ်ချက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေရုံသာမက ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာနယ်ပယ်များ၊ ခရီးသွားလုပ်ငန်း ကဲ့သို့သော စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်စေနိုင်ပါကြောင်း။

ထို့ကြောင့် သမားရိုးကျ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးနေခြင်းမှ စွန့်ပစ်ပစ္စည်းများအားထွက်ရှိမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အသုံးဝင်ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စသည့်နည်းလမ်းများကို အခြေခံသော ရေရှည်တည်တံ့ ခိုင်မြဲပြီး အကျိုးဖြစ်ထွန်းသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲကျင့်သုံးသွားနိုင်ရေးအတွက် “မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” ကို ရေးဆွဲထားပြီးဖြစ်ပါကြောင်း။

၎င်းနှင့်ဆက်စပ်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသည်များရှိသကဲ့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များလည်း အထူးဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ပါ ရည်မှန်းချက်များကို ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲမှု ပြဿနာအပါအဝင် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများထဲက အချိန်မီပူးပေါင်းဖြေရှင်းရမည့် ကိစ္စရပ်သည် လေထုညစ်ညမ်းမှုနှင့် ပလတ်စတစ်အမှိုက် ညစ်ညမ်းမှုတို့ပင်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့” ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့” ဟု ချမှတ်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ချမှတ်ရခြင်းမှာ လေထုညစ်ညမ်းမှုနှင့် ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာများ လျင်မြန်စွာ ကြီးမားကျယ်ပြန့်လာမှုတို့ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အရေးတကြီးဖြေရှင်းရန် လိုအပ်နေပြီဆိုသည်ကို ကမ္ဘာ့ပြည်သူတစ်ရပ်လုံး သတိပြုမိအောင် မီးမောင်းထိုးပြလိုက်သည်ဟုဆိုရမှာ ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း ပလတ်စတစ်စွန့်ပစ်အမှိုက်များနှင့် အခြားစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း မရှိသည့်အတွက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ထိခိုက်စေသည့်အပြင် ထိုအမှိုက်များကြောင့် အထူးသဖြင့် မိုးတွင်းကာလတွင် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီးရေလျှံမှုပြဿနာများ ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုများကို တတ်နိုင်သမျှ လျှော့ချကြရန်၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများအစား ပျက်စီးရန်လွယ်ကူသည့်/ ပြန်လည် အသုံးပြုနိုင်သည့်/ ပြန်လည် ပြုပြင်ထုတ်လုပ်အသုံးပြုနိုင်မည့် အစားထိုးပစ္စည်းများကို ထုတ်လုပ်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု များဖွံ့ဖြိုးလာစေရန်ကိုလည်း စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အသိပညာပေးမှုများနှင့် ကြီးကြပ်ကွပ်ကဲမှု နည်းလမ်းများကို တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထုတ်ပြန်နိုင်ရေး ပြုစုရေးဆွဲကြရန် ပြောကြားလိုပါကြောင်း။

ကမ္ဘာလုံးဆိုင်ရာ အစိုးရအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ ( Intergovernmental Panel on Climate Change - IPCC ) ၏ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် အထူးအစီရင်ခံစာအရ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို အရှိန်အဟုန်ဖြင့် ပိုမိုအသုံးပြုလာသည်ကိုတွေ့ရမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာသည့် အတွက်ကြောင့် (၂၁) ရာစုအကုန်ခန့်တွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီးအချို့သော ကျွန်းနိုင်ငံငယ်များနှင့် ကမ်းရိုးတန်းဒေသမြို့ကြီးများသည် ရေနစ်မြုပ်သွားနိုင်မည်ဟု ပညာရှင်အချို့က ခန့်မှန်းတွက်ချက်ထားသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ယနေ့ကမ္ဘာတွင် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲဖြစ်ပေါ်လာနေသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို မျက်ခြည်မပြတ်လေ့လာပြီး နိုင်ငံတကာနှင့် ပူးပေါင်း၍ရင်ဆိုင်တုံ့ပြန် ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံအနေနှင့်လည်း သိပ္ပံအချက်အလက်တွေပေါ်တွင် အခြေခံပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြုနိုင်မည့် ရေရှည်အစီအမံများအပြင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် နစ်မြုပ်သွားနိုင်ခြေရှိသည့် ကမ်းရိုးတန်းဒေသရှိ မြို့များအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများကိုလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသင့်ပြင်ဆင်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် အလေးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

အားလုံးခြုံငုံပြောရမည်ဆိုလျှင် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးနှင့် လူမှုစီးပွား ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်ကချမှတ်ထားသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေး၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျော ညီထွေရှိစေရေး၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးစသည့် လုပ်ငန်းစဉ်များသည် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အဓိကနယ်ပယ်များ ဖြစ်သည့်အတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေတို/ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်များရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ယိုယွင်းမှုများကို ရှောင်ရှားနိုင်မည့်အပြင် ရာသီဥတု ပြောင်းလဲမှုဆိုးကျိုးများကိုလည်း လျော့ပါးစေမှာ ဖြစ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် မိမိတို့ ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ဆက်စပ်ပါဝင်ပတ်သက်သူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား ကြစေလိုပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကော်မတီ၏ (၃)နှစ်ကျော် ကာလအတွင်းရရှိခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်/အားသာချက်များအပေါ်တွင် အခြေခံပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကိုချမှတ်နိုင်ရေး အကြံပြုဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေတို/ရေရှည် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်စဉ်ဘဏ္ဍာငွေ လျာထားချက်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှု သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီသတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးမျိုးမြင့်မောင်၊ ဦးဝင်းခန့်၊ ဦးတင်မောင်ဦး၊ ဒေါက်တာသာထွန်းကျော်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးဝင်းတင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုယ်စား Ecosystem Conservation and Community Development Initiative (ECCDI) ဥက္ကဋ္ဌ ဒေါက်တာ ကျော်တင့်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ လုပ်ငန်းကော်မတီ (၆) ရပ်မှတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာစောညိုဝင်း၊ ဦးမြင့်ဇော်၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်း၊ ဒေါက်တာညီညီအောင်နှင့် ဦးတင်အောင်ဝင်းတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ ကာကွယ်ကြပ်မတ်ဆောင်ရွက်နေမှုများ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ရောဂါပိုးမွှား ကူးစက်မှုအန္တရာယ်မှ တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုချက်များနှင့် ဗဟိုကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် (၉) ချက် ချမှတ်ခဲ့သည်။ ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။