ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဝင်္ဂဘော်ဆင်စခန်းအတွင်း အမိမဲ့ ဆင်ကလေးများ ပြုစုစောင့်ရှောက်ထားရှိမှုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ခင်းများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၄−၈−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ၂၄.၈.၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာရှိ ကန်တော်ကြီးကြိုးပြင်ကာကွယ်တော (၁၃၁၀)ဧက အတွင်း ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ရာ တာဝန်ရှိသူများမှ ယာယီရှင်းလင်းဆောင်တွင် ရေဝေရေလဲဒေသအတွင်း ပရဆေးဥယျာဉ်နှင့် သစ်မျိုးစုံစိုက်ခင်းတည်ထောင်ရန် ဆောင်ရွက်နေမှုများ၊ ကြိုးပြင်ကာကွယ်တော နယ်နိမိတ်တစ်လျှောက် ခြံစည်းရိုးကာရန်ခြင်းနှင့် မြေအသုံးချမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိုးရာသီလူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းများအပြင် အများပြည်သူ လာရောက်လေ့လာ အပန်းဖြေနိုင်သော သစ်မျိုးစုံစိုက်ခင်းကြီးတစ်ခုဖြစ်စေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးစိတ်များကို စနစ်တကျ စာရင်းပြုစု၍ ပျိုးထောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊  သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ နှစ်ရှည်သီးပင်စားပင်များရောနှောစိုက်ပျိုးခြင်းနှင့် အလှပင်များကိုပါ ဖြည်စွက်စိုက်ပျိုးရန်၊ နုန်းတားတမံများတည်ဆောက်ရာတွင် ဇီဝအင်ဂျင်နီယာနည်းဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ပရဆေးပင်စိုက်ခင်းအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ မဇင်းသမဝါယမအသင်း၏ သစ်အခြေခံ လက်မှုအချောထည်ပစ္စည်းများထုတ်လုပ်သည့် အလုပ်ရုံသို့ရောက်ရှိခဲ့ရာ အသင်းနှင့် Asia Craft Link ကုမ္ပဏီတို့မှတာဝန်ရှိသူများမှ ဒီဇိုင်းရေးဆွဲခြင်း အတတ်ပညာ အပါအဝင် သစ်အခြေခံအချောထည် လက်မှုပစ္စည်းများပြုလုပ်သည့် သင်တန်းများဖွင့်လှစ်ခြင်း၊ သင်တန်းမှ အရည်အသွေးပြည့်ဝသည့် အချောထည်လက်ရာများကို ပြည်ပတင်ပို့ရောင်းချရန် စျေးကွက်ရရှိနေမှုနှင့် ကုန်ကြမ်း သစ်လိုအပ်ချက်များအား တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သောသစ်ကုန်ကြမ်းများရရှိရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် သင်တန်းကျောင်းခန်းမအတွင်းပြသထားသော အချောထည်ပစ္စည်းနမူနာများအားလည်းကောင်း၊ အချောထည်ပစ္စည်းထုတ်လုပ်သည် စက်ပစ္စည်းကိရိယာ များအားလှည့်လည်ကြည့်ရှု့ခဲ့ပြီး အသင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည် ပဲခူးမြို့၊ အောင်မြေသာရပ်ကွက်ရှိ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်ကြားစာများအ‌ပေါ် ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့မှု့ အပေါ် ပြည်ထောင်စုဝန်ကြီက ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ဆောင်ရွက်ရန် လိုအပ်ချက်များတွေ့ရှိပါက တိတိကျကျညွှန်ကြားရန်၊ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်စိတ်ရှိစေရန် အတွက်လည်းသေသေချာချာ နားလည်သဘောပေါက်အောင် ရှင်းပြရန်လိုအပ်ကြောင်း၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကိုလည်း စောင့်ကြပ်ကြည့်ရှု့ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလိုအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ကနဉီးဆန်းစစ်လေ့လာခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီစဉ်များနှင့်စပ်လျဉ်း၍ သတ်မှတ်ချိန်အတွင်း အပြီးသတ်စိစစ်ပြီး သဘောထားမှတ်ချက် ပြန်ကြားရန်ဖြစ်ကြောင်း၊ သဘောထားမှတ်ချက်များကို တစ်ခါပြီးတစ်ခါထပ်ဖြည့်နေ၍ မဖြစ်ကြောင်း၊  ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နိုင်ငံတော်အပေါ် သစ္စာရှိစွာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိအသိပညာပေးရမည့်သူ၏ အသက်၊ အခြေခံပညာနှင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်မှုများအပေါ်မူတည်၍ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ရုံးဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး‌အား စစ်ဆေးခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကလေးကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ် (၆၄/၄)အနီး  မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်နှင့်သစ်စက်ဌာန၊ အမှတ်(၃၃) သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ စက်ရုံသမိုင်းကြောင်းဆိုင်ရာအချက်အလက်များ၊  ဝန်ထမ်းအင်အား၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ Solid Teak Myanmar ကုမ္ပဏီ၏ ပုဂ္ဂလိကသစ်များအား နဝလီစနစ်ဖြင့် လက်ခံခွဲစိတ်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် သစ်ခွဲသားများ သိုလှောင်ထားရှိမှုနှင့် သစ်လုံးများ ခွဲစိတ်နေမှုတို့အား လှည့်လည်စစ်‌ဆေးကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၉)အနီး၊ ဝင်္ဂဘော်ဆင်စခန်းသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ဆင်စခန်းအတွင်း အမိမဲ့ဆင်ကလေးများ ပြုစုစောင့်ရှောက်ထားရှိမှု၊ ဆင်ပြတိုက်ဆောက်လုပ်နေမှု၊ ဆင်စခန်း ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်နေမှု၊ ဆင်စခန်းမှ အများပြည်သူသို့ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စခန်းသို့ ပြည်တွင်း/ပြည်ပဧည့်သည်များဝင်ရောက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆင်စခန်းအတွင်း သန့်ရှင်းရေး၊ တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြည်သာယာရေး၊ လာရောက်လေ့လာသည့်သူများအပန်းပြေ အဆင်‌ပြေချောမွေ့စေရေး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပြီး အမိမဲ့ဆင်ကလေးများအား နို့တိုက်ကျွေး ခြင်းနှင့် ဆင်ပြတိုက်တည်ဆောက်နေမှုတို့အား ကြည့်ရှု့စစ် ဆေးခြင်းများဆောင်ရွက်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်အမှတ် (၃၅/၃)အနီးရှိ ရေတာရှည်မြို့နယ်၊ သစ်တောဉီးစီးဌာန၏ (၂/၂၀၁၇) စီးပွားရေးကျွန်းစိုက်ခင်း (၁၅၀) ဧက ပြုစုပျိုးထောင်ထားရှိမှုအား  ကြည့်ရှု့ စစ်ဆေးခဲ့ပြီး စိုက်ခင်း ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်းစသည့် ရာသီအချိန်အခါလိုက်  ပြုစုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့်အချက်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်အမှတ် (၁၀/ ၁) အနီးရှိ ဖိုးကျားဆင်စခန်းသို့ရောက်ရှိခဲ့ရာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုနှင့်  ဆင်စခန်းလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖိုးကျားဆင်စခန်းအား အဆင့်မြှင့်တင်ရန်၊ လာရောက်အပန်းဖြေလေ့လာသူများအား ဆွဲဆောင်မှုရှိစေရန်အတွက် တီထွင်ကြံဆဆောင်ရွက်ရန်၊ သက်တမ်း(၁၀၀)ကျော်ကျွန်းပင်ကြီးများအား စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်ရန်နှင့် ဆင်စခန်း လျှပ်စစ်မီးအမြန်ရရှိရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်း ရရှိသည်။