ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ဖင်လန်နိုင်ငံ၊ ဒုတိယဝန်ကြီး၊ Under- Secretary of State ဖြစ်သူ H. E. Ms. Nina Irmeli Vaskunlahti နှင့် ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊၂-၁၀-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဖင်လန်နိုင်ငံ၊ ဒုတိယဝန်ကြီး၊ Under-Secretary of State ဖြစ်သူ H.E. Ms. Nina Irmeli Vaskunlahti၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H.E. Ms. Riikka Laatu နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၂-၁၀-၂၀၁၉ ရက်နေ့၊ (၁၅:၁၅) နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ (သစ်တောရေးရာ)၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး(သတ္တုရေးရာ)၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရေဖြန့်ဝေမှု၊ ရေသန့်စင်မှုနှင့် စွန့်ပစ်ရေသန့်စင်သည့် လုပ်ငန်းများတွင် နည်းပညာပံ့ပိုးပေးနိုင်မှုများ၊ စွန့်ပစ်အမှိုက်မှ စွမ်းအင်ပြန်လည်ထုတ်လုပ်ရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အမှိုက်စီမံခန့်ခွဲ့မှု မဟာဗျူဟာနှင့်လုပ်ငန်းစဉ်အရ အကောင်အထည်ဖော်မည့် လုပ်ငန်းများ၊ စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ဆိုင်ရာစံချိန်စံညွှန်းများနှင့်အညီ ကြီးကြပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ နေရောင်ခြည် စွမ်းအင်ရရှိရန် ဆိုလာပြားထုတ်လုပ်သည့်နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ စက္ကူပျော့ဖတ်ထုတ်လုပ်မှုအတွက် ကုန်ကြမ်းအဖြစ် ယူကလစ်စသည့် ကြီးမြန်သစ်မျိုးနှင့် သဘာဝဝါးတောများမှ ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုးရေးနှင့် သစ်တောသစ်ပင်မှ biomass ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်နိုင်မှု၊ သစ်တောပြန်လည်တည်ထောင်ရေး (၁၀) နှစ်စီမံကိန်း အကောင်အထည်ဖော်သည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။