ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိုင်ယွမ်မြို့၌ ကျင်းပသည့် စွမ်းအင် ဆိုင်ရာကာဗွန်ထုတ်လွှတ်မှု လျော့ချရေးတိုးတက်ဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်

နေပြည်တော်၊ ၂၆−၁၀−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိုင်ယွမ်မြို့၌ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့မှ(၂၄)ရက်ထိ ကျင်းပသည့် စွမ်းအင်ဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး တိုးတက်ဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ရာ ထိုင်ယွမ်လေဆိပ်သို့ ဒေသစံတော်ချိန်နေ့လည် (၁၄:၄၅)နာရီတွင်ရောက်ရှိ ပါသည်။

ပြည်ထောင်စုဝန်ကြီးအား ထိုင်ယွမ်လေဆိပ်၌ စင်းရှီပြည်နယ်အစိုးရအထွေထွေအတွင်းရေးမှူး မစ္စတာရှင်းကျင်းဝမ်နှင့် စင်းရှီပြည်နယ်နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စကျင်ယန်ယန်တို့က ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ်ဧည့်ခန်းမ၌ စင်းရှီပြည်နယ်ရုပ်မြင်သံကြားဌာနက တွေ့ဆုံ၍ ယခုဖိုရမ်အပေါ်ဝန်ကြီး၏အမြင်နှင့်ဖိုရမ်မှရရှိနိုင်မည့် အကျိုးကျေးဇူးများအားမေးမြန်းရာ ဝန်ကြီးကပြန်လည် ရှင်းလင်းဖြေကြားပါသည်။ ထို့နောက်လေဆိပ်မှထွက်ခွာလာရာ တည်းခိုမည့် Parkview Hotel သို့ (၁၆:၁၀)နာရီတွင် ရောက်ရှိရပ်နားပါသည်။

ညနေ(၁၇:၅၀)နာရီတွင် Parkview Hotel ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျင်းက ဖိုရမ်သို့တက်ရောက်လာ ကြသည့်အထူးဧည့်သည်တော်များအား တွေ့ဆုံနှုတ်ဆက်ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျင်းကတည်ခင်းဧည့်ခံသည့် ကြိုဆိုနှုတ်ဆက်ညစာစားပွဲ တက်ရောက်ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၀၈:၃၀)နာရီတွင် ထိုင်ယွမ်မြို့ ကျောက်မီးသွေးလုပ်ငန်းဗဟိုဌာန၌ ကမ္ဘာ့စွမ်းအင်တော်လှန်ရေးပြပွဲအား လေ့လာကြည့်ရှုပြီး နံနက် (၀၉:၃၀)နာရီတွင်ဖိုရမ်စတင်ကျင်းပရာ အခမ်းအနားပထမပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျင်းအပါအဝင် တာဝန်ရှိသူ(၅)ဦးက ကြိုဆိုနှုတ်ခွန်းဆက် မိန့်ခွန်းပြောကြား ကြပါသည်။ ထို့နောက် အခမ်းအနားဒုတိယပိုင်းဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အပါအဝင် တက်ရောက်လာကြသည့် နိုင်ငံတကာမှဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များ၏ဥက္ကဌများစုစုပေါင်း(၁၀)ဦးက စွမ်းအင်ဆိုင်ရာကာဗွန်ထုတ်လွှတ်မှုလျော့ချရေးနှင့်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍အသီးသီးမိန့်ခွန်းပြောကြားကြပြီး နံနက်(၁၂:၀၀)နာရီတွင် အခမ်းအနားပြီးစီးပါသည်။ နေ့လည်(၁၅:၀၀)နာရီတွင်လင်ဟွာဟိုတယ်အထူးဧည့်ခန်းမ၌ စင်းရှီပြည်နယ် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး မစ္စတာလင်းဝူ၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဝမ်ချင်းယု၊ပြည်နယ်သယံဇာတဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာစူကျင်းချွန်း၊ ပြည်နယ်ဂေဟဗေဒနှင့် ပတ်ဝန်းကျင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာပန်ရှန်စန်းနှင့် ပြည်နယ်နိုင်ငံခြားရေးဌာနရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စလီယန်စူကျွမ်တို့က ပြည်ထောင်စုဝန်ကြီးအား ဂါရဝပြုတွေ့ဆုံ၍ စင်းရှီပြည်နယ်၏ လူမှုစီးပွားရေးအခြေအနေ၊ ဓာတ်သတ္တုတူးဖော်မှုများ အထူးသဖြင့်ကျောက်မီးသွေးတူးဖော်ထုတ်လုပ် သုံးစွဲမှုများ၊ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်ဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရေးဆောင်ရွက်မှုများ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများစသည်တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ဓာတ်သတ္တုတူးဖော်ထုတ်လုပ်မှု၊ ရာသီဥတုပြောင်းလဲမှု ကြောင့်ကမ္ဘာပေါ်တွင် လက်ရှိရင်ဆိုင်နေရသည့်အခက်အခဲများ၊ စွမ်းအင်ဆိုင်ရာကာဗွန်ထုတ်လွှတ်မှု လျော့ချရေးလုပ်ငန်းစဉ်၏ အလွန်အရေးပါမှုများ၊ မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရေးဆောင်ရွက်နေမှုများအား ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံနှင့်စင်းရှီ ပြည်နယ်တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများဆွေးနွေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် ထိုင်ယွမ်မြို့ရှိ TISCO သံမဏိစက်ရုံသို့သွားရောက်လေ့လာရာ TISCO စက်မှုလုပ်ငန်းကုမ္ပဏီ ဥက္ကဌ မစ္စတာဂေါင်ရှင်မင်နှင့် CNMC ကုမ္ပဏီဒုတိယဥက္ကဌ မစ္စတာရန်ချီတို့က ကြိုဆိုနှုတ်ဆက်ကြပြီး TISCO စက်မှုလုပ်ငန်းကုမ္ပဏီဥက္ကဌက ကုမ္ပဏီ၏သံမဏိထုတ်လုပ်မှုနှင့် သမိုင်းကြောင်းတို့အား အသေးစိတ်လိုက်လံရှင်းလင်းပြသပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် နေ့လည်(၁၄:၀၀)နာရီတွင် ရွီဂွမ်း (Ruiguang) ကျောက်မီးသွေးသုံး အပူနှင့်လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိလေ့လာရာ စက်ရုံတာဝန်ခံ မစ္စတာဟဲရှီယွမ်က လိုက်လံရှင်းလင်းပြသပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ(၂၄)ရက်နေ့တွင် စင်းရှီပြည်နယ်ရှိ ချင်မင်းဆက်လက်ထက် ချောင်မိသားစုအိမ်တော်နှင့် ပင်ယောင်းရှေးဟောင်းမြိုတို့အား သွားရောက်လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်ယွမ်လေဆိပ်မှ အောက်တိုဘာလ(၂၅)ရက်နေ့ ဒေသစံတော်ချိန်(၁၅:၃၅)နာရီတွင်မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာလ(၂၆)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၀၁:၃၀)နာရီတွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။