ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း စပိန်နိုင်ငံတွင် COP 25 ကျင်းပရာ (IFEMA) Exhibition Centre ၌ Korea Pavilion တွင် ကိုရီယားသစ်တောဌာနမှ ပြုလုပ်သည့် The Role of REDD+ for Local Communities Side Event အခမ်းအနားတွင် အမှာစကားပြောကြား

စပိန်နိုင်ငံ၊ မက်ဒရစ်၊ ၄.၁၂.၂၀၁၉၊

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ဒီဇင်လာလ(၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း(United Nations Convention on Climate Change - UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည််ပိုင်းတွင် Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Centre ရှိ Korea Pavilion တွင် ကိုရီယားသစ်တောဌာန (Korea Forest Service) မှ ဉီးဆောင်၍ The Role of REDD+ (ရဒ်ပလပ်စ်) for Local Communities ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် Side Event အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာသံအမတ်ကြီး H.E. Yeonchul YOO မှ အခမ်းအနားသို့ တက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှု လျှော့နည်းသက်သာစေရေးအတွက် အထောက်အကူပြုစေသည့် သစ်တောပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း (Reduced Emission from Deforestation and Forest Degradation and Enhancement of Forest Carbon Stock– REDD+) တွင် ဒေသခံပြည်သူများပါဝင်သော သစ်တောထိန်းသိမ်းရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရေးအတွက် ယခုကဲ့သို့ နည်းပညာနှင့် အတွေ့အကြုံများ ဖြန့်ဝေပေးသည့် အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားရခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်း၊ ယခုအခမ်းအနားသည် ရာသီဥတုပြောင်းလဲမှုလျော့နည်း သက်သာစေရးအတွက် ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြလျက်ရှိကြောင်း၊ ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တွေ့ကြုံခံစားနေရပြီဖြစ်သလို တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများနှင့်လည်း ကြုံတွေ့နေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးအတွက် မူဝါဒများရေးဆွဲ၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သလို ကုလသမဂ္ဂကွန်ဗင်းရှင်းများ၏ သဘောတူဆုံးဖြတ်ချက်များကိုလည်း ပူးပေါင်းပါဝင်‌ ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းအတွက် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး (၁၀)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောများပြန်လည်ဖြစ်ထွန်းလာမှုနှင့်အတူ ဒေသခံများ၏ လူမှုစီးပွားရေးဘဝကိုပါ မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုပေးသည့် ကိုရီးယားသစ်တောဌာနကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ယခုအခမ်းအနားတွင် ပါဝင်ဆွေးနွေးကြမည့် ပညာရှင်များအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရေဆင်းသစ်တောသုတေသနဌာန၊ သစ်တောဉီးစီးဌာနမှ ညွှန်ကြားရေးမှူးမှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သစ်တောပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း (REDD+) စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် အတွေ့အကြုံများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကမေ္ဘာဒီယားနှင့်ကိုရီးယားသမ္မတနိုင်ငံတို့မှလည်း ၄င်းတို့၏ REDD+ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာအတွေအကြုံများ၊ ရည်မှန်းချက် များနှင့် စပ်လျဉ်း၍လည်းကောင်း၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် CIFORနှင့်  Wildlife Works မှ ပညာရှင်များမှ နိုင်ငံတကာအတွေ့အကြုံများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများမှ မေးမြန်းလာသည့် အချက်များအား ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို ညနေပိုင်းတွင်ရုတ်သိမ်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် အဆိုပါနေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်များ၏ (၂၅) ကြိမ်မြောက် ညီလာခံကျင်းပရာ Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Centre ရှိ World Wide Fund for Nature (WWF) Pavilion တွင် ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးအတွက် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်ကဏ္ဍမှရရှိနိုင်မည့် အခွင့်အလမ်းများ‌ ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသို့လည်းကောင်း၊ နယူးဇီလန်နိုင်ငံ၏ MOANA Blue Pacific Pavilion တွင် ကျင်းပပြုလုပ်သည့် Impact of Climate Change on Pacific Blue Economies  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့လည်းကောင်း၊ အင်္ဂလန်နိုင်ငံ၏ UK Pavilion တွင် ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်သမုဒ္ဒရာရှိ သက်ရှိအဖွဲ့အစည်းများအပေါ်အကျိုးသက်ရောက်မှုဆိုင်ရာ သုတေသနစာတမ်းများ ဖတ်ပွဲသို့လည်းကောင်း တက်ရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။