ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံ၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် High Level Meeting on Forests နှင့်သစ်တောကဏ္ဍဆိုင်ရာ Side Event ဆွေးနွေးပွဲများတက်ရောက်

စပိန်နိုင်ငံ၊ မက်ဒရစ်၊ ၅.၁၂.၂၀၁၉

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) အဖွဲ့ ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် Feria de Madrid (IFEMA) (အိုင်ဖီးမား) North Convention Centre တွင်ကျင်းပပြုလုပ်သည့် High Level Meeting on Forests အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် သစ်တောဂေဟစနစ်များမှရရှိသည့် ဝန်ဆောင်မှုများ (Forest Ecosystem Services) နှင့်  တရားဝင်ထုတ်လုပ်ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများအပေါ် အမှတ်တံဆိပ်ဖော်ပြခြင်း (legally Forest Products Labeling) နှင့် စဉ်ဆက်မပြတ် သစ်တောများစီမံအုပ်ချုပ်ခြင်း (Sustainable Forest Management) ဆိုင်ရာလုပ်ငန်းများတွင်  အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုပူးပေါင်းပါဝင်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သစ်တော ပြုန်းတီးပျက်စီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း(Reduced Emission from Deforestation and Forest Degradation and Enhancement of Forest Carbon Stock– REDD+)အားတစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်နိုင်ရေး၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ထိခိုက်မှုမရှိစေရေး၊ မြေအသုံးချမှု ပြောင်းလဲခြင်းကြောင့် သစ်တောပြုန်းတီးပျက်စီးမှုများလျှော့ချရေးနှင့် သစ်တောစီမံအုပ်ချုပ်မှုနှင့် အတူ ဒေသခံပြည်သူများနှင့် ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုနှင့် လူမှုစီးပွားရေးထိခိုက်မှုမရှိစေရေး Safeguard Measures များချမှတ်ဆောင်ရွက်ရေး၊ သစ်တောထိန်းသိမ်းကာကွယ်ရာတွင် ရလဒ်များအပေါ်အခြေခံ၍ ငွေကြေးနှင့် ဒေသဖွံ့ဖြိုးရေးအထောက်အပံ့ များရရှိနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ Green Climate Fund (GCF) နှင့် World Bank (WB) တို့၏ သစ်တောများအတွင်းနှင့် သစ်တောများအနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စွမ်းဆောင်ရည်မြင့်တင်ခြင်းလုပ်ငန်းများတွင် ပံ့ပိုးကူညီမည့် သဘောထားအမြင်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ UN-REDD အနေဖြင့် သစ်တောများထိန်းသိမ်းခြင်းကြောင့် ဂေဟစနစ်ဝင်ဆောင်မှုများနှင့် သစ်တောထွက်ပစ္စည်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်နိုင်ခြင်းတို့ကြောင့် ၂၀၂၀ ခုနှစ်မှစတင်ပြီး သစ်တောများထိန်းသိမ်းကာကွယ်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လုပ်ငန်းစီမံချက်များ Action Plan များအား ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်များမှ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သစ်တောများ ပြုစုပျိုးထောင်ထိန်းသိမ်းကာကွယ်ခြင်းကြောင့် သိုလှောင်စုဆောင်းနိုင်သည့် သစ်တောကာဗွန်ပမာဏအပေါ် မျှတသည့်တန်ဖိုးသတ်မှတ်ခြင်း  (Forest Carbon Pricing) နှင့်စပ်လျဉ်း၍လည်းကောင်း၊ သစ်တောထိန်းသိမ်းခြင်းကို  နိုင်ငံပိုင်သစ်တောနယ်မြေများအပြင်  ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများနှင့် ပုဂ္ဂလိကပိုင်သစ်တောများတွင်ပါ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးကို ဂေဟစနစ်အခြေခံသည့်နည်းလမ်းများဖြင့်အဖြေရှာနိုင်ရေး (Nature Based Solutions) အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများမှ အစိုးရစီမံအုပ်ချုပ်သူများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အဆင့်မြင့်ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးခဲ့သည်။ 

အဆိုပါနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Center 6 ၌ ဥရောပသမဂ္ဂ၏ Helsinki Room ၊ EU Pavilion တွင် မြို့ပြဧရိယာနှင့် ပတ်ဝန်းကျင်ဒေသများတွင် သစ်တောသစ်ပင်များ စိုက်ပျိုးတည်ထောင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာစေပြီး ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးခြင်းဖြင့် မြို့ပြများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး Cities4Forests (Cities for Forests) ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

စပိန်နိုင်ငံ Spanish Pavilion တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တရားမဝင်သစ်များ ဝင်ရောက်မှု တားဆီးကာကွယ်ရေးအတွက် European Timber Regulation ချမှတ်ကျင့်သုံးခြင်း၊ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုဖြင့် တရားဝင်တင်ပို့သည့်သစ်နှင့် တရားမဝင် ဝင်ရောက်သည့် သစ်များအားခွဲခြားခြင်း၊ တရားမဝင်သစ်များအား ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတစ်ခုအနေဖြင့် အရေးယူခြင်း၊ တရားမဝင်သစ်နှင့် တရားဝင်သစ်ခွဲခြားခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်းများအတွက် The fight against worldwide deforestation and illegal Trafficking of tropical timber ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။