စပိန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် COP 25 ညီလာခံ၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်သည့် သတင်း

စပိန်နိုင်ငံ ၊မက်ဒရစ် (၆.၁၂.၂၀၁၉၊)

၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ရောက်ရှိနေသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်ပိုင်းတွင် မက်ဒရစ်မြို့၊ Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Hall (9)၊  Room(12) တွင်ကျင်းပပြုလုပ်သည့် ကွန်းဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာအကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် Informal Round Table on National Determined Contributions (NDC) အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးကို UNFCCC အတွင်းရေးမှူးရုံးနှင့် ကွန်ဗင်းရှင်းအား ဦးဆောင်ကျင်းပသည့် ချီလီနိုင်ငံတို့မှ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး UNFCCC ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ လိုက်လျောညီထွေရှိရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် သတ်မှတ်လျာထားချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ တွေ့ကြုံရမည့်အခက်အခဲများ၊ အခွင့်အလမ်းများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများနှင့် လုပ်ငန်းရန်ပုံငွေလိုအပ်ချက်တို့အား အလွတ်သဘော ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ အညွှန်းကိန်းများအရ (Global Climax Risk Index 2019) သဘာဝဘေးအန္တရာယ် ခံနိုင်မှုနည်းပါးသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေး (Climate Change Adaptation and Building Resilience) အတွက် အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် Nationally Determined Contributions (NDCs) ရည်မှန်းချက်များကို ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး (Low Carbon Emission) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ (Renewable Energy Resources) ကို ဦးစားပေးအသုံးပြုမည့် ပတ်ဝန်းကျင်ဆိုင်ရာ ဦးစားပေးအစီအစဉ်များဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရရှိမှာဖြစ်ပြီး နိုင်ငံ၏ရေသယံဇာ၊ ‌မြေသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများကိုပါ ထိန်းသိမ်းကာကွယ်ရေးနှင့် ထိရောက်စွာအသုံးပြုနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ကမ္ဘာ့နိုင်ငံများအကြား အစဉ်ဖြစ်ပေါ် တိုးတက်ပြောင်းလဲနေမှုများနှင့် လိုက်လျောညီထွေရှိစေရေး နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းပါပြီး လေထုထဲမှ ဖန်လုံအိမ်ဓါတ်ငွေ့များ စုပ်ယူသိုလှောင်နိုင်သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက အသားတင်ဖန်လုံအိမ် ဓါတ်ငွေ့စုပ်ယူသိုလှောင်နိုင်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော်လည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအတွက် နိုင်ငံအဆင့်မူဝါဒများ၊ စီမံကိန်းများရေးဆွဲပြီး ခိုင်မာသည့် ကတိကဝတ်များဖြင့် ပါဝင်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊

ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာစေရေးအတွက် သစ်တောကဏ္ဍတွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သစ်တောများထိန်းသိမ်းကာကွယ်ခြင်း၊ စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း အစရှိသဖြင့် ဂေဟစနစ်အခြေခံသည့် နည်းလမ်းများဖြင့်အဖြေရှာခြင်း (Nature Based Solutions) ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊

ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နိုင်ငံများအတွက် ကြီးမာသည့်စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပြင်းထန်သောရာသီဥတုအခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အကျိုးဆက်အနေဖြင့် နိုင်ငံ၏လူမှုစီးပွားရေးအပေါ်ကြီးမားသည့် အကျိုးသက်ရောက်မှုများကို တစ်နေ့ထက်တစ်နေ့ပိုမို တိုးမြှင့်ခံစားနေရကြောင်း၊

မိမိတို့ ဒီမိုကရေစီအစိုးရအဖွဲ့အနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးလွယ်သည့် သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်ကို အထူးအလေးပေးထိန်းသိမ်းကာကွယ်လျက်ရှိကြောင်း၊

ထိုကဲ့သို့ ထိန်းသိမ်းကာကွယ်ရာတွင်လည်း နည်းပညာ၊ လုပ်ငန်းရန်ပုံငွေလိုအပ်ချက်များမှာ အခြားသောဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကြုံတွေ့နေရကြောင်း၊

နိုင်ငံအစိုးရအနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ရေရှည်စီမံကိန်းများချမှတ်ခြင်းများအပါအဝင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းစီမံကိန်းများအား Myanmar Sustainable Development Plan (MSDP)နှင့် ချိတ်ဆက်ရေးဆွဲထားပြီး နည်းပညာနှင့် လုပ်ငန်းရန်ပုံငွေ လိုအပ်ချက်များကို ကျော်လွှားနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊

လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပိုမိုခိုင်မာမှုရှိစေရန်နှင့် နိုင်ငံအစိုးရ၏ ကတိကဝတ်ထားရှိမှုများ ပိုမိုထင်ရှားပြတ်သားစေရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများ၊ ဥပ‌ဒေ၊ နည်းဥပ‌ဒေများနှင့် မဟာဗျူဟာ စီမံကိန်းမူဘောင်များ၊ လုပ်ငန်းအစီအစဉ်များရေးဆွဲဆောင်ရွက်လျက်ရှိပြီး  ပတ်ဝန်းကျင်ထိခိုက်မှုများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ် Environmental Fund ထူထောင်သွားမည်ဖြစ်ကြောင်းဆွေးနွေး တင်ပြခဲ့သည်။

အဆိုပါနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံကျင်းပရာ IFEMA (အိုင်ဖီးမား) Exhibition စင်တာ၊ ခန်းမ (၂) ရှိ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များတွင် ပါဝင်‌ဆောင်ရွက်နေသာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများမှ ၄င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းများရှင်းလင်းတင်ပြသည့် ပြခန်းများသို့ လေ့လာကြည့်ရှု့ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် IFEMA Exhibition Center ၊ Hall (4) ရှိ Japan Pavilion ကျင်းပပြလုပ်သည့် Ocean and Climate Change - Contribution of Space Technology ခေါင်စဉ်ဖြင့်ကျင်းပပြုလုပ်သည့် မိတ်ဆက်စာတမ်းဖတ်ပွဲသို့တက်ရောက် လေ့လာဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံ၏ ဟိုင်ဒရိုဂျင်စွမ်းအင်လောင်စာသုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော မြို့ပြများဖော်ဆောင်ခြင်း Sustainable Smart Town (SST) Initiative နှင့် စပ်လျဉ်း၍ ခင်းကျင်းပြသထားမှုအား လေ့လာကြည့်ရှု့ခဲ့သည်။

ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂ UNFCCC Resilience Lab တွင် ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေသယံဇာတများ ဆုံးရှုံးကွယ်ပျောက်မှုမှ ထိန်းသိမ်းကာကွယ်ခြင်းနှင့် အနာဂတ်ကာလ လုံလောက်မှုရှိစေရေးအတွက် Water Resilience Frontiers: Pathways for transformational Climate Resilient Water Securities in 2030 and Beyond ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့လည်းကောင်း၊ India Pavilion တွင် မြေယာအဆင့်အတန်းလျော့ချခြင်းမှ ထိန်းသိမ်းကာကွယ်ရန်အတွက် Land Degradation Neutrality ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။