ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၄−၇−၂၀၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ဇူလိုင် ၂ နံနက်ပိုင်း၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး/ ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်းများဆောင်ရွက်ရန်အတွက် “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့နယ်သို့ ရောက်ရှိကြသည်။

ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖားကန့်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် မြေပြိုကျမှုဖြစ်စဉ်ကြောင့် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော ဒဏ်ရာရလူနာ (၁၄) ဦးအား နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာသူရကျောက်မျက် ရတနာကုမ္ပဏီတို့မှ တာဝန်ရှိသူများကလည်း ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့နောက်တွင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာ များ၊ အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် တွေ့ဆုံ၍ “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” က ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်) ​နေပြည်တော်