ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန၏ လုပ်ငန်းများစစ်ဆေး

နေပြည်တော်၊ ၁၈−၇−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ) ရုံးအမှတ်(၁၉)၊ သီရိရတနာခမ်းမတွင် အမှတ်(၂)သတ္တု တွင်းလုပ်ငန်းမှ ဦးစီးအရာရှိ ရာထူးတိုးမြှင့်ရေးအတွက် ကျင်းပသည့် ရေးဖြေစာမေးပွဲဖြေဆို နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတ္တုတွင်းဦးစီးဌာန၊ နှစ်ထပ်ရုံး အဆောက်အဦ တိုးချဲ့တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် လိုအပ်ချက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေ းဝန်ကြီးဌာန (သတ္တုရေးရာ) (၃)ထပ်ရုံးအသစ် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးရာ အဆောက်အဦ ဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးနှင့်  ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်းသို့ရောက်ရှိရာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ဘွဲ့နှင့်းသဘင်ခန်းမရှေ့ရှိ ရေကန်တွင် ဆောက်လုပ်မည့် ဦးပိန်တံတားပုံစံ သစ်သား တံတားတည်ဆောက်မည့်ပုံစံနှင့် မြေနေရာအား  ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းသို့ရောက်ရှိပြီး သစ်တောသုတေသနဌာန ရေမြေသားငှက်နှင့် သစ်တောသယံဇာတဌာနစု ရေဓာတ်ခွဲခန်း နှစ်ထပ်အဆောက်အဦသစ်အား စစ်ဆေးပြီး ရေဓာတ်ခွဲခန်းအတွင်း နော်ဝေနိုင်ငံ အကူအညီဖြင့် ရေအရည်အသွေးတိုင်း စက်ကိရိယာများတပ်ဆင် အသုံးပြုနေမှုအား စစ်ဆေးသည်။ လက်ရှိအချိန်တွင် ရေအရည်အသွေး (၄၉)မျိုး အထိ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Japan International Cooperation Agency(JICA) ၏ ထောက်ပံ့ငွေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ သုတေသနပြု လေ့လာထိန်းသိမ်းရေးဗဟိုဌာန ဆောက်လုပ်မည့် မြေနေရာနှင့် တည်ဆောက်မည့် အဆောက်အဦပုံစံအား ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် သစ်တောသုတေသနဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သစ်တောသုတေသနဌာန၊ ပန်းပုံစံပြတိုက် ပြုပြင်မွမ်းမံနေမှုနှင့် သစ်တောသုတေသနဌာန ဆေးဘက်ဝင်ပင်များစုဆောင်း စိုက်ပျိုးထားသည့် ဥယျာဉ်တို့ကို စစ်ဆေးခဲ့ပြီး ဆေးဘက်ဝင်ပင် ပရဆေးဥယျာဉ် အဆင့်မြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲတင်ပြရန်နှင့် လိုအပ်သည်များကို မှာကြားသည်။ အဆိုပါ ဆေးဖက်ဝင်ပင်ဥယျာဉ်ကို ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပျိုးထောင်ထိန်းသိမ်းထားခဲ့သည့် ဆေးဖက်ဝင်ပရဆေးပင်ပေါင်း ၄၀၉ မျိုးရှိပါကြောင်း သိရသည်။(သတင်းစဉ်)​နေပြည်တော်