ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တောင်ကြီးမြို့ရှိ ထီသိမ်ရေလှောင်ကန်ဘေးတွင် ဌာနတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် COVID- 19 ကာလအလွန် ရှမ်းရိုးမ ဆင်စခန်းအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ ၂−၈−၂၀၂၀

 

၁။    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဩဂုတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ထီသိမ်ရေလှောင်ကန်ဘေးတွင် ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်/ခရိုင်/ မြို့နယ်တာဝန်ခံများနှင့် အတူ သစ်ပင်စိုက်ပျိုးကြသည်။ ၎င်းနောက် တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ထီသိမ်ရေလှောင်ကန်၏ ရေဝေရေလဲဧရိယာဖြစ်သည့် ထီသိမ်ကန်ကြိုးဝိုင်းအတွင်း မြေအသုံးချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော နယ်နိမိတ်ကို ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဘုတ်တိုင်များ စနစ်တကျ စိုက်ထူဆောင်ရွက်ရန်၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း ကျူးကျော်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အချိန်နှင့် တစ်ပြေးညီတင်ပြဆောင်ရွက်ရန်နှင့် ရေအရည်အသွေးကို လစဉ် ပုံမှန် စစ်ဆေးတင်ပြရန်တို့ကို မှာကြားသည်။ အဆိုပါ ထီသိမ်ရေလှောင်ကန်သည် ၁၉၆၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး၊ တောင်ကြီးမြို့နယ်အတွင်းရှိ သစ်တော၊ ပြည်တော်သာ၊ ရတနာသီရိ၊ မင်္ဂလာဦး၊ စပ်စံထွန်းဆေးရုံ၊ ရေအေးကွင်း၊ ကန်ပေါက်ရုံးဝင်းစသည့် ရပ်ကွက်များသို့ အိမ်သွယ် ရေတိုင်များမှ ရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

၂။    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့၊ အေးသာယာ Green Zone ၌ စိုက်ပျိုးတည်ထောင်ထားရှိသည့် သစ်မျိုးစုံ သီးနှံသစ်တောသရုပ်ပြစိုက်ခင်းအား ကြည့်ရှု စစ်ဆေး၍ တောင်စောင်းမြေမျက်နှာသွင်ပြင်၌ စိုက်ခင်းတည်ထောင်ရာတွင်ကွန်တိုလိုင်းအလိုက် ဝက်ခေါင်းထိုးစနစ်ဖြင့် တည်ထောင်စိုက်ပျိုးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေအရည်အသွေးတိုးတက် ကောင်းမွန်စေရေးအတွက် နိုက်တြိုဂျင်ဓါတ်ကြွယ်ဝသည့် သစ်မျိုးများအား ထည့်သွင်းစိုက်ပျိုးရန်လိုကြောင်း၊ ရေနှင့် မြေဆီလွှာထိန်း သိမ်းနိုင်ရန်အတွက် ရေလွှဲမြောင်များအား တူးဖော်ရန်လိုအပ်ကြောင်း၊ ဝါးနှင့် ဗက်တီဘာမြက်များအား တောင်စောင်း၏ အောက်ဆုံးကွန်တိုလိုင်းတွင် ထည့်သွင်းစိုက်ပျိုး ဆောင်ရွက်ရန်နှင့် သရုပ်ပြ၊ ပညာပေးဆောင်ရွက်သည့် နေရာဖြစ်သည့်အတွက် အဘက်ဘက်မှ စံနမူနာဖြစ်အောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

၃။    နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊  ဘော်ဆိုင်းဒေသရှိ ထိပ်တန်းကြယ်ဆယ်ခု ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၏ ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ ကုမ္ပဏီတာဝန်ရှိသူများက ကုမ္ပဏီမှဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ၊ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ် ပြန့်နှံဖြစ်ပွားစဉ်ကာလ လုပ်ငန်းများ ရပ်နားထားချိန်တွင် ဝန်ထမ်းများနှင့် လုပ်သားများအား ထောက်ပံ့ဆောင်ရွက်မှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘော်ဆိုင်းဒေသအတွင်း သတ္တုတွင်းနယ်မြေ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်တင်ပြရန်၊ တရားမဝင်ရွှေ၊ သတ္တုတူးဖော်ခြင်းနှင့် တရားဝင်ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် လုပ်ကွက်များအတွင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ကျူးကျော်လုပ်ကိုင်ဆောင်ရွက်သူများအား အသိပညာပေး၍ တရားဝင်လုပ်သားများဖြစ်အောင် စည်းရုံးဆောင်ရွက်ရန်၊ တရားဝင်ခွင့်ပြုမိန့် ရရှိလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ဆောင်ရွက်ရန်နှင့် ဌာနပိုင်မြေများကို ပိုင်ဆိုင်မှု အထောက်အထားရရှိအောင် အထူးအလေးထား ဆောင်ရွက်ထားရှိရန်တို့ကို ဆွေးနွေးမှာကြားခဲ့ ကြောင်းသိရှိရသည်။

၄။    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘော်ဆိုင်းဒေသမှ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာ၍ ကလောမြို့နယ်၊ ရှမ်းရိုးမဆင်စခန်းသို့ရောက်ရှိသည်။ ဆင်စခန်းတာဝန်ခံက COVID- 19 ကာလအလွန်ဆင်စခန်းပြန်လည်ဖွင့်လှစ်ရန် ပြုပြင်မွမ်းမံဆောင်ရွက်မှု၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆင်များအတွက် အစားအစာ ဖူလုံစေရေးနှင့်  ဆင်များ၏ကျန်းမာရေးကို အလေးထားဆောင်ရွက်ရန်၊  ဆင်စခန်းပြန်လည် ဖွင့်လှစ်ရာ၌ လာရောက်လေ့လာလည်ပတ်သည့် ဧည့်သည်များအား ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် လမ်းညွှန်ချက်များနှင့်အညီ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်စေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဆင်စခန်းဝန်းကျင် သန့်ရှင်းသပ်ယပ် သာယာလှပရေးနှင့် ရေအိမ်များ သန့်ရှင်းမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်နှင့် COVID- 19 ကာလအလွန် ဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။