ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H. E. Ms. Riikka Laatu မှVideo Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၇-၁၁-၂၀၂၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H. E. Ms. Riikka Laatu နှင့်အဖွဲ့အား ယနေ့ ၁၇-၁၁-၂၀၂၀ ရက်နေ့ (၁၄:၀၀) နာရီတွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဖင်လန်နိုင်ငံအစိုးရ၏ ရန်ပုံငွေအကူအညီဖြင့် သစ်တောဦးစီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် သစ်တောစောင့်ကြည့်လေ့လာခြင်းနှင့် သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းကို လူ့အခွင့်အရေးဆိုင်ရာ အခြေခံနည်းလမ်းများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစီမံကိန်း၏ တိုးတက်မှုအခြေအနေများ၊ COVID-19 ကပ်ရောဂါကြောင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ အဟန့်အတားများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ National Institute of Finland (LUKE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်း၍ ရာသီဥတုဒဏ်ခံနိုင်သည့် ဖွံဖြိုးတိုးတက်မှု ရရှိရေးနှင့်စပ်လျဉ်း၍ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မစီမံကိန်းများ ပြုစုထုတ်ပြန်မှုအခြေအနေများ၊ ဦးစားပေးနယ်ပယ်အလိုက် အကောင်အထည်ဖော်ရန် တွေ့ကြုံရသည့်အကန့်အသတ်များနှင့် စိန်ခေါ်မှုများ၊ ပါရီသဘောတူညီချက် အရ မြန်မာနိုင်ငံမှ တင်သွင်းမည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions -NDC)အစီရင်ခံစာ ပြုစုမှုအခြေအနေနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးမူဝါဒနှင့်မဟာဗျူဟာမူဘောင် ရေးဆွဲပြုစုမှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိသော ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ခြင်းအပါအဝင် ဦးစားပေးနယ်ပယ် (၁၁) ခု၌ ဆောင်ရွက်မည့်အစီအမံများ၊ နည်းပညာနှင့် ဆန်းသစ်တည်ထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။