ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သစ်တောစိုက်ခင်းများနှင့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တည်ဆောက်ရေးလုပ်ငန်းများအားစစ်ဆေး

နေပြည်တော်၊ ၁၉.၁၂.၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၉.၁၂.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကော်စီနယ်မြေ၊ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၀)အနီး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၈)အတွင်းရှိ ၂၀၂၀ပြည့်နှစ်၊ မိုးရာသီတွင်စိုက်ပျိုးတည်ထောင်ထားသည့် ပုဂ္ဂလိကသစ်မာ မန်ဂျန်ရှားသစ်မျိုး စိုက်ခင်း (၅၀)ဧက စိုက်ခင်းအောင်မြင်ရှင်သန်နေမှုများအား သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ပြီး စိုက်ခင်းပြုစုစောင့်ရှောက်ထိန်းသိမ်းရေးအတွက် လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် အကြံပေးဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် (၁၃/၀)အနီး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉) နှင့် (၃၀) အတွင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် သစ်တောဉီးစီးဌာနမှ ၂၀၁၉ခုနှစ် မိုးရာသီတွင်စိုက်ပျိုးတည်ထောင်ထားသည့် ဂေဟစနစ်ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်း (၁၀၀)ဧက စိုက်ခင်းအောင်မြင်ရှင်သန်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ခင်းမီးကာကွယ်ခြင်း၊ ခြောက်သွေ့ရာသီအတွက် စိုက်ခင်းရေပေးဝေခြင်းနှင့် စိုက်ခင်းပြုစုစောင့်ရှောက်ရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင် အမှတ် (၁၃/၇)အနီး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀)အတွင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် သစ်တောဉီးစီးဌာနမှ ၂၀၂၀ပြည့်နှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ဂေဟစနစ်ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်း (၁၀၀)ဧက အားဆက်လက် စစ်ဆေးကြည့်ရှု့ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများမှ စိုက်ခင်းစခန်းရှင်းလင်းဆောင်တွင် စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာအချက်အလက်များအားလည်းကောင်း၊ ၂၀၂၁ခုနှစ်အတွင်း နောက်ထပ်စိုက်ပျိုးမည့် ဂေဟစနစ်ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်း (၁၀၀)ဧက နှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက COVID19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စိုက်ခင်းထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်းနှင့် စိုက်ခင်းတည်ထောင်ခြင်းများအတွက် အလုပ်သမားများ ရရှိနိုင်မည့်အခြေအနေ၊ စိုက်ပျိုးမည့် သစ်မျိုးများ၊ စိုက်ပျိုးမည့် ပုံစံနှင့် စိုက်ခင်းရေပေးဝေရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးပြီး တင်ပြရန်လမ်းညွှန်မှာကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ရောက်ရှိခဲ့ပြီး စခန်းအတွင်း တောတွင်းဖြတ် လှေျာက်လမ်းတည်ဆောက်မည့် လမ်းအူကြောင်းနေရာအားလည်းကောင်း၊ အပူပိုင်းထင်းရှုးမျိုး ကွက်လပ်ဖြည့်စိုက်ခင်းအားလည်းကောင်း၊ တောတွင်းဖြတ် လျှောက်လမ်းတည်ဆောက်ခြင်း၊ ယာယီနားနေဆောင်နှင့် ကြိုးတံတားတည်ဆောက်ရေး လုပ်ငန်းများအားလည်းကောင်း၊ ရွက်အုပ်ဖြတ်ကျော် လျှောက်လမ်းအားလည်းကောင်း စစ်ဆေးကြည့်ရှု့ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အများပြည်သူများ အပန်းဖြေနားနေရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တည်ဆောက်ရေး အချိန်ကာလတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ ဆင်များအား စစ်ဆေးကြည့်ရှု့၍ ဆင်များအား အစာကျွေးခြင်း၊ ဆင်ပြတိုက်အား စစ်ဆေးကြည့်ရှု့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။