ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်‌တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ နေပြည်တော်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်‌တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၃:၃၀ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) ရှိ အစည်းအဝေးခန်းမ၌ Virtual Online  စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဌာန/  လုပ်ငန်းတာဝန်ခံများက Virtual Online  စနစ်ဖြင့် တက်ရောက်ကြသည်။      

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံ‌တော်ကို အရေးပေါ်အ‌ခြေအနေကြေညာပြီး နိုင်ငံ‌တော်၏ အာဏာအရပ်ရပ်ကို တပ်မတော်က တာဝန်ယူပြီးသည့်နောက် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့အလိုက် ရည်မှန်းချက်တာဝန်များကို လက်ရှိနိုင်ငံတော် အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အောင်မြင်အောင် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် ကဏ္ဍအလိုက် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဆောင်ရွက်မှု လုပ်ငန်းများ အရှိန်အဟုန် နှောင့်နှေးစေခဲ့ပါကြောင်း၊ ဒီအခြေအနေကြောင့်လည်း ပြည်သူများ ထိခိုက်ခံစားခဲ့ရပါကြောင်း၊ ထို့ကြောင့် COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ အရှိန်အဟုန်ဖြင့် ပြန်လည် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ် ထိခိုက်ခံစားနေရမှုမှ အမြန်ဆုံး ပြန်လည် တိုးတက်ကောင်းမွန်စေဖို့ ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး သစ်တောကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့သစ်တောမူဝါဒနှင့် နှစ်(၃၀)အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်းနှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊ သစ်တောပြုစုထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်ဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်တို့အတွက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု (၁၀)နှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တို့ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းစဉ်(၄) ရပ်ကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် တို့ကိုထုတ်ပြန်ထားရှိခဲ့ပြီးဖြစ်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို နှစ်အလိုက် စီမံချက်ချမှတ်၍ မြို့နယ်အဆင့်ထိ ရုံးများတိုးချဲ့ ဖွဲ့စည်းသွားရန်၊အစိမ်းရောင်စီးပွားရေးမူဝါဒမူဘောင်ကိုလည်းထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ လေအရည်အသွေး၊ ရေအရည်အသွေးများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများတွင် စစ်ဆေးထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် Sustainable Natural Resources Management Strategy ကိုလည်း ထုတ်ပြန်နိုင်ရေးအတွက်အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာ၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်မှုအစီရင်ခံစာ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များကိုလည်း မှန်ကန်တိကျမြန်ဆန်စွာ စိစစ်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ 

သစ်ထုတ်လုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့်လျာထား ဝင်ငွေရရှိရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍  သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဘွဲ့ရရှိသူများမှလည်း နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ရရှိခဲ့သူ များစွာရှိခဲ့ခြင်းကြောင့် အရည်အသွေးမြင့်မားသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ခဲ့သည့် အစဉ်လာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

သတ္တုကဏ္ဍနှင့်ပတ်သက်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ Responsible Mining ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ယင်းသို့ ဖြစ်စေရန်အတွက် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုများ မရှိစေရေး၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကို အလေးထားလိုက်နာ ဆောင်ရွက်စေရေး၊ စျေးကွက်ရရှိရေး၊ လက်ရာအဆင့်အတန်းမြင့် အချောထည်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ လိုက်နာစေရေး၊ Mining Closure Plan ကို စနစ်တကျရေးဆွဲပြီး အမှန်တကယ်လိုက်နာ ဆောင်ရွက်စေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များလိုက်နာစေရေး၊ COVID-19 ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျောက်မျက်ရတနာပြပွဲများစနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ကျောက်မျက်/သတ္တုလုပ်ကွက်များအား သတ်မှတ်စည်းကမ်းလိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်သည့်စနစ် ပီပြင်အားကောင်းအောင် ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

ယင်းနောက် နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့၏ လုပ်ငန်းစဉ်များကို အကောင်းဆုံးကြိုးစား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့သည် ကမ္ဘာကြီးနှင့် လူသားအားလုံးအတွက် အထူးအရေးကြီးပါကြောင်း၊ မိမိအနေဖြင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာကဏ္ဍဆိုင်ရာ အမြဲတမ်းအတွင်းဝန်အဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ယခုကဏ္ဍ၏ အရေးကြီးပုံကို သိရှိပါကြောင်း၊ ယခုကဏ္ဍမှာ တာဝန်ထမ်းဆောင်နေသူများသည် သစ်တောများ၏ တန်ဖိုးကို သိရှိပြီး ချစ်မြတ်နိုးသူများ၊ ပတ်ဝန်းကျင်ချစ်သူများဖြစ်သည်ကို ကိုယ်တွေ့သိရှိခဲ့ရသည့်အတွက် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိအပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သစ်တောရေးရာကဏ္ဍ၊ သတ္တုရေးရာကဏ္ဍတို့မှ ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ အားလုံးတို့နှင့် စုပေါင်း၍ Team Work ဖြင့် ယခု (၁) နှစ် တာအတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။