သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်)

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့တွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁၀)သစ်စက်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် အထွေထွေမန်နေဂျာများနှင့် စက်ရုံမှူးများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

        ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ သစ်အခြေခံစက်မှုလုပ်ငန်း ဌာနတို့ ညှိနှိုင်းပေါင်းစပ်၍ ပြည်တွင်း / ပြည်ပဝင်ငွေရရှိစေရေးအတွက် ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ၊ ဝယ်လိုအားရရှိမှုအပေါ်မူတည်၍ လပ်ပုံတင်ဒါပမာဏကို ချိန်ဆဆောင်ရွက်ရန်၊ ကျွန်းနှင့်သစ်မာ တင်ဒါကိစ္စရပ်များ ပိုမိုအဆင်ပြေချောမွေ့စေရေး၊ စနစ်တကျ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံပိုင်သစ်စက်များတွင် ကုန်ကြမ်းခွဲသား၊ တဝက်တပျက်ကုန်ချောနှင့် တန်ဖိုးမြှင့်ကုန်ချောခွဲသားများကို Outturn ကောင်းမွန်၍ Operating Ratio (OR) ကောင်းမွန်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဘေးထွက်ပစ္စည်းများမှ ကုန်ချောထုတ်လုပ်ရေးဆောင်ရွက်ရန်၊ ဈေးကွက်အခြေအနေ၊ ဝယ်လိုအား၊ ခွဲသားထုတ်လုပ်မှုနှင့် ကုန်ချောလက်ကျန်အခြေအနေများအား ကော်မတီဖွဲ့၍ လစဉ် Monitoring ပြုလုပ်ရန်၊ သစ်ထုတ်ရေးဌာနအနေဖြင့်လည်း တောတွင်းသစ်ထုတ်စဉ်ကတည်းက Standard Operating Procedure – SOP ပါ အချက်များအတိုင်း စနစ်တကျဆောင်ရွက်ရန်နှင့် ဌာနစက်ရုံများမှ ထုတ်လုပ်သော သစ်အချောထည် ပရိဘောဂများအား ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေး အရည်အသွေးမြှင့်တင်ဆောင်ရွက်သွားရန်၊ နှစ်အလိုက် ရည်မှန်းချက်ဝင်ငွေရရှိရေး ၊ အသုံးစရိတ်အား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ စံနှုန်းနှင့် ညီညွတ်စွာသုံးစွဲရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရည်မှန်းချက်တာဝန် ပြီးမြောက်အောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အမှတ်(၁၀) သစ်စက်နှင့်  သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အမှတ် (၁) နှင့် အမှတ်(၂) ပရိဘောဂစက်ရုံများ ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

          ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် သန်လျင်သစ်အခြေခံစက်မှုလုပ်ငန်းနယ်မြေရှိ မြန်မာ့သစ်လုပ်ငန်းက စိုက်ပျိုးတည်ထောင်ထားသော ကျွန်း၊ မန်ဂျန်ရှား၊ ဝါးနက်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။