သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်)

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သစ်တောဦးစီးဌာနကတည်ထောင်ထားသော အမြဲတမ်းပျိုးဥယျာဉ်ရှိ ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာ့သစ်လုပ်ငန်းရုံးချုပ်၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

        ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ တော်ဝင်ခန်းမသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မြန်မာ့သစ်လုပ်ငန်း၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းရှိ ဌာနများအလိုက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ရည်မှန်းချက်များ အောင်မြင်အောင်ဆောင်ရွက်ရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သစ်ထုတ်ခြင်းအား (၁) နှစ် ရပ်နားမည်ဖြစ်သဖြင့် ယာဉ် / ယန္တရားများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် SOP များ၊ ဌာနဆိုင်ရာညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်နိုင်ရေး သင်တန်းများဖွင့်လှစ်ဆောင်ရွက်သွားရန်၊ သစ်ထုတ်ပြီးသစ်ကွက်များတွင် သဘာဝတန်ဖိုးမြှင့် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းလုပ်ငန်း Enrichment Planting – EP ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရန်၊ မြန်မာ့သစ်လုပ်ငန်းက တည်ထောင်စိုက်ပျိုးထားသည့် ကျွန်း/သစ်မာစိုက်ခင်းများ ထိန်းသိမ်းခြင်းနှင့် စိုက်ခင်းသစ်တည်ထောင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန်၊ သစ်အခြေခံစက်မှုလုပ်ငန်းတွင် သစ်အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် အထူးအလေးပေးဆောင်ရွက်ရန်နှင့် နိုင်ငံတော်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲခြင်းများနှင့်ပတ်သက်၍ ကာကွယ်ထိန်းသိမ်းခြင်းအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မူဝါဒချမှတ်ထားသည့်အတွက် တိကျစွာလိုက်နာဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်တထောင်မြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးရှိ လေအရည်အသွေးတိုင်းတာရေးစက်အား ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် One Stop Service ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနှင့် သီလဝါအထူးစီးပွားရေးဇုန် One Stop Service Centre – OSSC ရုံး၊ ပတ်ဝန်းကျင်ဌာန၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကြောင်းသိရသည်။