သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက် နံနက်ပိုင်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားသော မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ မဂူလကာကွယ်တောရှိ ၃/၂၀၂၀ အခြားစိုက်ခင်း (၂၅)ဧကနှင့် တောင်တွင်း ကြီးမြို့နယ်၊ ဗိဿနိုးကြိုးပြင်ကာကွယ်တောအတွင်း ၂၀၁၉ ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း (၁၅၀၀)ပင်၊ ၂၀၂၀ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း (၈၀၀၀)ပင်၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၂၀၂၁ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တစ်အုပ်တစ်မစိုက်ခင်း (၃၅၀၀)ပင် အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံတို့က ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသ၏ ပူပြင်းသောရာသီဥတု၊ မိုးခေါင်ရေရှားမှုနှင့် မြေအမျိုးအစား ညံ့မှုများကြားက စိုက်ခင်းအတွေ့အကြုံများနှင့် သစ်တောသုတေသန၏ သုတေသနရလာဒ်များ ပေါင်းစပ်၍ စိုက်ခင်းများကို အောင်မြင်အောင် စိုက်ပျိုးတည်ထောင်ထားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် သဘာဝတောကျန်များကို ဒေသခံပြည်သူလူထု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်၍ ထိန်းသိမ်းကာကွယ်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကုက္ကိုခွပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော သစ်မျိုး (၂၄)မျိုး၊ ပျိုးပင် (၂၅၁၀၀) ပင်၏ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့သို့ ရောက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့်  နိုင်ငံ့ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၊ ဦးစီးဌာန၊ လုပ်ငန်းများအလိုက် မူဝါဒများ၊ ရည်မှန်းချက် တာဝန်များ ရှိပြီးဖြစ်၍ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရန် ယင်းသို့ ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့် ပြည်သူပြည်သားများ၏အကျိုးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာန၊ လုပ်ငန်းအလိုက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဌာနဆိုင်ရာ ညွှန်ကြားချက်များ ရှိပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဥပဒေများသည် တိုက်တွန်းချက်၊ တားမြစ်ချက်များ ဖြစ်သဖြင့် အလေးထားလိုက်နာရန်လိုအပ်ကြောင်း၊ လတ်တလောဆောင်ရွက်ရန် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရင်း ရေရှည်အတွက် ဦးတည်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း အရောင်အသွေးကင်းစွာဖြင့် စည်းလုံးညီညွတ်စွာ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့၏ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်သွားရန် မှာကြားသည်။

          ပြည်ထောင်စုဝန်ကြီး၏ ပြည်တွင်းခရီးစဉ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ လိုက်ပါခဲ့ကြောင်း သိရပါသည်။