သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ရောက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် မိုးရာသီ လမ်းဘေးဝဲ/ယာ တစ်အုပ် တစ်မစိုက်ပျိုးမည့် အစီအစဉ်များ၊ ကျေးရွာထင်းစိုက်ခင်း တည်ထောင်မည့်အစီအမံများ၊ သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်မည့်  အစီအမံများ၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပက်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပက်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး၏ နှစ်အလိုက်သစ်တော ဖုံးလွှမ်းမှုအခြေအနေအား လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် တိုင်းဒေသကြီးဧရိယာ၏ (၁၄.၁၈) ရာခိုင်နှုန်း ဧက (၁.၂၂) သန်း၊ ၂၀၁၅ ခုနှစ်တွင် (၁၁.၂၄) ရာခိုင်နှုန်း ဧက (၀.၉၇) သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် (၈.၂၁) ရာခိုင်နှုန်း ဧက (၀.၇၁) သန်းရှိခဲ့ပြီး သစ်တောဖုံးလွှမ်းမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ရာသီဥတုပြောင်းလဲလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း၊ ဂေဟစနစ် ယိုယွင်းလာခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထင်း၊ မီးသွေး လောင်စာများကို သဘာဝတောများမှ မှီခိုသုံးစွဲနေရခြင်းသည် သစ်တောပြုန်းတီးခြင်း၏ အချက်တစ်ချက်ဖြစ်ပါကြောင်း၊ သဘာဝတောများကို မထိခိုက်စေဘဲ ဒေသအစုအဖွဲ့ပိုင် သစ်တောများ၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများမှ ထင်းလောင်စာများထုတ်ယူသုံးစွဲနိုင်ရေးအတွက် ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်းကိုလည်း သစ်တောဦးစီးဌာနအနေဖြင့် နည်းပညာနှင့်ပျိုးပင်များ ပံ့ပိုးပေးပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒီရေတောဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေးနှင့်အတူ ပျက်ဆီးသွားသောနေရာများတွင် ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြေပေါ်မြေအောက်သယံဇာတ ထုတ်ယူသုံးစွဲမှုကိုလျော့ချပြီး ထိန်းသိမ်းကာကွယ်ရေးကို အထူးအလေးပေးဆောင်ရွက်ရေး၊ နိုင်ငံပိုင်သစ်တောများအား ထိန်းသိမ်းကာကွယ်ရေး၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများတည်ထောင်ရေး၊ ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကျေးရွာပိုင် ထင်းစိုက်ခင်းများအတွက် မြေနေရာရရှိရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ လမ်းဘေးဝဲယာသစ်ပင်စိုက်ပျိုးခြင်းအတွက် ရာသီဥတုနှင့်ကိုက်ညီသော သစ်မျိုးများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့နယ်၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၂၅ ရှိ ၁/၂၀၂၀ စီးပွားရေးပျဉ်းကတိုးစိုက်ခင်း ဧက(၃၅၀) ရှင်ပင် (၉၅.၁) ရာခိုင်နှုန်း အောင်မြင်ကြီးထွားမှုအခြေအနေနှင့် ၂၀၂၁ မိုးရာသီတွင်စတင် စိုက်ပျိုးနေသည့် ၁/၂၀၂၁ စီးပွားရေး ပျဉ်းကတိုး စိုက်ခင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။