သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁ ခုနှစ်၊ (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၆

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ (အမျိုးသား) ပိုက်ကျော်ခြင်းနှင့်(အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံတွင် ယနေ့ နံနက် ၀၉:၀၀ နာရီ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက အဖွင့်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောအားကစားပြိုင်ပွဲ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဝန်ကြီးဌာနတွင်း ဦးစွာကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အားကစားနှင့် ပတ်သက်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များရှိရန်လိုကြောင်း၊ ကျန်းမာရေးကို အ‌ထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများကို အားပေးရန်လိုကြောင်း၊ အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှုရှိမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ အားကစားနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားသည် နိုင်ငံတော်အတွက် အားပေးဆောင်ရွက်ကြရမည့် ကဏ္ဍတစ်ရပ်အဖြစ် လမ်းညွှန်မှာကြားထားပြီး ကျန်းမာရေးအထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း အမျိုးသားပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်မှစ၍ ဇူလိုင်လ ၁၆ ရက်ထိ လည်းကောင်း၊ ဘော်လီဘော အမျိုးသား/ အမျိုးသမီးပြိုင်ပွဲကို ဩဂုတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ လည်းကောင်း ကျင်းပပြုလုပ်မှာဖြစ်ပါသဖြင့်၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရွေးချယ်ဖော်ထုတ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် ယခုကျင်းပသည့် ဝန်ကြီးဌာန ပြိုင်ပွဲများကတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ပိုက်ကျော်ခြင်း၊ ဘော်လီဘောအားကစားသမားများဖြစ်အောင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားမျှတစွာကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်တိုက်တွန်းပါကြောင်း ပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။