(၁၆) ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင်လ ၇ ရက်

(၁၆)ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို (၆-၇-၂၀၂၁) ရက်နေ့၊ (၀၈:၃၀) နာရီတွင် Grand Amara Hotel (နေပြည်တော်)၌ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဒေါက်တာညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။

အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် သစ်တောကဏ္ဍမှ သစ်နှင့်အခြားသစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုသကဲ့သို့ ကျေးလက်နေပြည်သူလူထု၏ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာအနေဖြင့် (FRA 2020) အရ ၄၂.၁၉ % ဖုံးလွှမ်း လျက်ရှိပြီး ကောင်းမွန်သော ရာသီဥတုအခြေအနေကို ဖန်တီးပေးခြင်း၊ မြေနှင့်ရေ သယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် ဂေဟစနစ်တည်ငြိမ်အောင်ပြုလုပ်ပေးခြင်း၊ စသည့်အကျိုးကျေးဇူးများကိုထောက်ပံ့ပေးလျက်ရှိကြောင်း၊

သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာအခြေအနေများနှင့် စက်မှုဖွံ့ဖြိုးရေး အခြေအနေများအရ စဉ်ဆက်မပြတ်ထုတ်လုပ်ရေးမှ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးသို့ ပုံမှန်သမရိုးကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းမှ ပူးပေါင်းပါဝင်သော စီမံအုပ်ချုပ်လုပ်ကိုင်မှုသို့ ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း၊

အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆)၊ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၉)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ (၂၀၁၉)၊ သစ်တောဥပဒေ (၂၀၁၈)၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈)နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက် (၂၀၁၉) တို့ကိုလည်း ပြဌာန်းထားပြီး အဆိုပါပြဌာန်းချက်များ၊ ဥပဒေ၊ မူဝါဒများနှင့် အညီအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး ဆိုင်ရာ လုပ်ငန်းအစီအစဉ် (NDC)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်၊ Aichi ရည်မှန်းချက်၊ ဘွန်းစိန်ခေါ်မှု (Bonn Challenges)နှင့် နယူယောက်သစ်တောများဆိုင်ရာ ကြေညာစာတမ်း (New York Declaration) စသည့် နိုင်ငံတကာကတိကဝတ်များကို ဖြည့်ဆည်း နိုင်ရန်နှင့် နိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရန် “မြန်မာနိုင်ငံ သစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်း”ကို ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ် အထိ လည်းကောင်း၊ “တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင် ခြင်း လုပ်ငန်းအစီအစဉ်”ကို ၂၀၁၉-၂၀ ခုနှစ်မှ ၂၀၂၈-၂၉ ခုနှစ် အထိလည်းကောင်း၊ အမျိုးသားအဆင့် REDD မဟာဗျူဟာများ (National REDD+ Strategies)၊ မြန်မာနိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်” (MTLAS) နှင့် “တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း” (FLEGT) စသည့် လုပ်ငန်းများကိုလည်း ကမ္ဘာပေါ်တွင် ပြောင်းလဲတိုးတက်နေသည့် အခြေအနေများ၊ လက်ရှိအခြေအနေများအပေါ်မူတည်ကာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် နည်းပညာနှင့် ရန်ပုံငွေဆိုင်ရာအခက်အခဲများ၊ Covid-19 ကမ္ဘာကပ် ရောဂါအခြေအနေများ၏ စိန်ခေါ်မှုများကြောင့် သစ်တောစီမံအုပ်ချုပ်မှုတွင် ကန့်သတ်ချက်များ ရှိနေသော်လည်း အဆိုပါအခက်အခဲနှင့်စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား ထိရောက်သော ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ အစည်းအဝေးအား အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်သစ်တောအရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ လုပ်ငန်းအဖွဲ့ဝင်များတက်ရောက်ကြပြီး အာဆီယံ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိပါသည်။