သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ (၈) ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို (၈-၇-၂၀၂၁) ရက်နေ့၊ (၀၇:၃၀)နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း(၃)၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်၍ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်းဌာနများမှ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက သစ်မျိုး(၂၂)မျိုး၊ ပျိုးပင်ပေါင်း (၁၀၀၀) စိုက်ပျိုးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပိတောက်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးက ကျွန်းပင်၊ အမြဲတမ်းအတွင်းဝန်က ပျဉ်းကတိုးပင်တို့ကို စိုက်ပျိုးကာ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း များက စိုက်ကွက် ဧရိယာ(၂)ဧကအတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် အဖိုးတန်သစ်မျိုးများဖြစ်သော ပိတောက်၊ မဟော်ဂနီနှင့် အရိပ်ရလေကာ ကြီး/မြန် သစ်မျိုးများဖြစ်သည့် ယင်းမာ၊ မန်ဂျန်ရှား၊ ပန်းမယ်ဇလီ စသည့် သစ်မျိုးများအပါအဝင် အပင်ပေါင်း (၁၀၀၀)ပင် စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေး ပါသည်။ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးသည့်သစ်ပင်များအား သစ်တောဦးစီးဌာန နေပြည်တော် သစ်တောဝန်ထမ်းများဖြင့် ပြုစုထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်း၍ ရာသီအချိန်အခါအလိုက် ပေါင်းရှင်းခြင်း၊ သေပင်ဖာထေးခြင်း၊ မီးကာကွယ်ခြင်းစသည့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ အား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးတည်ထောင်ခြင်းဖြင့် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တသီရိမြို့နယ်အတွင်း စိမ်းလန်းစိုပြည်သာယာလှပရေးကိုသာမက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကိုပါ အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်အတွင်း နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းတလျောက် ခွာညိုပန်းအဝိုင်းမှ သတ္တသတ္တာဟ ဘုရားအထိ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ကြီးများဖြင့် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးထားရှိမှု၊ ၂၀၁၁ ခုနှစ် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ သစ်မျိုးစုံစိုက်ခင်း (၁.၅)ဧကတွင် ပင်ပူးခွာခြင်း၊ ကိုင်းချိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကားလမ်းဘေးဝဲ/ယာရှိ စိမ်းလန်းစိုပြည်ရေးအတွက် တစ်အုပ်တစ်မသစ်ပင် ဆက်လက်စိုက်ပျိုးသွားမည့် နေရာများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။