ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပ သော ၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲ ဆောင်ရွက်စို့”  ဖြစ်ပြီး ပူနွေးလာသည့် ရာသီဥတုကြောင့် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသော အအေးပေးစနစ်များ လိုအပ်ချက် မြင့်မားလာမှုကို ဖြည့်ဆည်းပေးရန်နှင့် အနာဂတ်ကာလအတွက် အအေးပေးနည်းပညာ အဆင့်ဆင့် လိုက်လျောညီ‌ထွေ ပြောင်းလဲလာပုံကို သတိပြုမိလာစေရန်အတွက် ပြည်သူလူထုအား အသိပညာပေး တိုက်တွန်းနှိုးဆော် ထားခြင်းဖြစ်ကြောင်း၊

အအေးပေးစက်ပစ္စည်းများတွင် အသုံးပြုသော အအေးပေးဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာ သည့် အိုဇုန်းလွှာပျက်စီးမှုသည် ယနေ့ခေတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် အလေးထား ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်ကို ၁၉၉၃ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးပြီး အိုဇုန်းလွှာ ပျက်စီးစေမည့် ဒြပ်ပစ္စည်းများ လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊

ယနေ့ကမ္ဘာကြီး၏ အပူချိန်ကို လျှော့ချနိုင်ရန်နှင့် လေထုအတွင်းရှိ စိုထိုင်းဆများကို လျော့ကျစေ ရန်အတွက် အသုံးပြုမည့် အအေးပေးနည်းပညာများသည် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေသော နည်းပညာများ ဖြစ်လာစေရန်မှာ အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ယနေ့ ကမ္ဘာတစ်ဝန်းရှိ အဆောက်အဦများတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို လေအေးပေးစက်များတွင် အသုံးပြုနေကြသည့်အတွက် စွမ်းအင်ချွေတာပြီး စွမ်းဆောင် ရည်ကောင်းသော အအေးပေးပစ္စည်းများနှင့် အိုဇုန်းလွှာမထိခိုက်စေသည့်  အစားထိုးအအေးပေး ဒြပ်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူး အသုံးပြုသွားရန် အရေးကြီးကြောင်း၊

ထို့အပြင် ကမ္ဘာကြီးပူနွေးမှု အလားအလာ မြင့်မားသည့် ဒြပ်ပစ္စည်းများ လျှော့ချသုံးစွဲရေးအတွက် ပြည်သူလူထုအား အသိပညာပေးခြင်းနှင့် အိုဇုန်းလွှာ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေ သော နည်းပညာမြှင့်တင်ရေး သင်တန်းများနှင့် သုတေသနလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားခြင်း ဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သောအကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်နေ့ အသိပညာပေး ဗွီဒီယိုအားပြသပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အအေးပေးပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်မှု ပိုစတာများ ပြသထားမှုကို  လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမျိုးသား အိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်းမှ တာဝန် ရှိသူများ၊ အအေးပေးဒြပ်ပစ္စည်းများ ဆိုင်ရာလုပ်ငန်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်