ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

         ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၆.၇.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

          တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ခြင်းအတွက် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုပြီး အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်းလာရေး ရည်ရွယ်၍ ယခုကဲ့သို့ ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် အခြေခံလိုအပ်ချက်သော အသိပညာနှင့် အတတ်ပညာများ မြင့်မားစေရေးအတွက် ကြိုးစား၍ ပညာကိုသာ တစိုက်မတ်မတ် ဆည်းပူးလေ့လာရှာမှီးသွားဖို့ မှာကြားလိုကြောင်း၊

         ယခု အောင်မြင်မှုများကို အခြေခံပြီး နောင်အဆင့်မြင့်မားသည့် ပညာရပ်များအား ဆက်လက် သင်ယူ ဆည်းပူးသွားကြရန်၊ ကြုံတွေ့လာမည့် အခက်အခဲများအား ရင်ဆိုင်ဖြေရှင်းသည့်အခါ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ကြရန်နှင့် နိုင်ငံတော်က အားကိုးအားထား ပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘာသာစုံ ဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရ‌ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မောင်သန်းထိုက်အောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား၊ကျောင်းသူများနှင့် မိဘများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်သည်။

         ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၆ ဘာသာ ဂုဏ်ထူးရှင် ၉ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၅ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး အပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃၆ ဦး ၊ ရိုးရိုးအောင်မြင်သူ ၁၇၅ ဦး ၊ စုစုပေါင်း ၃၁၁ ဦး ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၇၁.၈၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပါသည်။