ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား

               အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

            ဦးစွာ ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝသယံဇာတများအား ရေရှည်တည်တံ့စေရန် ထိန်းသိမ်း ကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် စနစ်တကျ အသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့်ဒေသအဆင့် အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေများအဖြစ်  အာဆီယံအမွေအနှစ် ဥယျာဉ် ၈ ခု၊ လူသားနှင့်ဇီဝအဝန်းနယ်မြေ ၂ ခု၊ရမ်ဆာရေဝပ်ဒေသ ၆ ခု နှင့်အရှေ့အာရှ ဩစတြေးလျ ဒေသ ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေ ၆ ခု သတ်မှတ်ခံရပြီး ဖြစ်ကြောင်း၊

             ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ - UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ် အစီ အစဉ်ကို ၂၀၀၁ ခုနှစ်တွင်စတင်ခဲ့ရာ လက်ရှိနိုင်ငံပေါင်း ၄၈ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၉၅ ခု ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် အလား အလာကောင်းများ ပိုင်ဆိုင်သည့် နေရာ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် ပုဂံခေတ် ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြား ရှားပါးသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ် ၂ ထပ် ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုးများရှိကြောင်း၊ ပုပ္ပါးတောင်ဒေသအား ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရန် ဘူမိနယ်မြေ ၁၅ ခုဖြင့် ကနဦးအကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်း အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်ရမည်ဖြစ်သဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ UNESCO စာရင်းတင် သွင်းရန်အတွက် သဘောသဘာဝ မတူညီသည့် ဘူမိနယ်မြေ အသစ်များကိုလည်း ထပ်မံကွင်းဆင်း ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း၊

           ဘူမိနယ်မြေများသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားပြီး မတူညီသောစီမံခန့်ခွဲမှု အများ အပြား ပါဝင်သည့် သဘောသဘာဝရှိသောကြောင့် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ ဆက်စပ်သည့်ဌာနနှင့် အဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာ အဖွဲ့ အစည်းများအပြင် ဒေသခံပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အမျိုးသားအဆင့် ဘူမိ ဥယျာဉ်တည်ထောင်ခြင်းနှင့် ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်သတ်မှတ်ခံရရေးကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် တည်ထောင် နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံအတွင်း အလားအလာရှိသော ဘူမိနယ်မြေ၊ ဘူမိဥယျာဉ်များနှင့် ကမ္ဘာ့ဘူမိဥယျာဉ် တည်ထောင်ခြင်းဆိုင်ရာ များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြကြသည်။

             ထို့နောက် တက်ရောက်လာသူများက ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေး ဆောင်ရွက်နေမှုများ၊ ဘူမိနယ်မြေ အသစ်ဖော်ထုတ်ထားမှုများ၊ နိုင်ငံအဆင့် ဘူမိဥယျာဉ် တည်ထောင်ရန်အတွက် အလားအလာရှိသည့် ဘူမိဥယျာဉ်များနှင့်ပတ်သက်၍ အသေးစိတ် အကြံပြု ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။