ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” ၏ အသက်(၁)နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပ

           ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”(တိုင်းပြည်ကချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏သာယာဝပြော ပျော်ရွှင်ခြင်းကိုဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ၏ အသက်(၁)နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ၂၃.၇.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်၌ ကျင်းပပြုလုပ်ပါသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

          ပထမဦးစွာ အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” ၏ ကိုယ်ရေးအချက် အလက်များကို ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”အား အမွှေးနံ့ သာရည်များပက်ဖျန်းခြင်း၊ ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”နှင့် မိခင်ဆင်မကြီးတို့အား အစာ အာဟာရများ ကျွေးမွေးခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း၊ မွေးနေ့အထိမ်းအမှတ်အဖြစ် ချိုးဖြူငှက် ၁၀ ကောင်အား ‌ဘေးမဲ့လွှတ်ပေးခြင်း၊  အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ရတနာဆင်ဖြူတော် ဆောင်အတွင်းရှိ ရတနာဆင်ဖြူတော်များနှင့်  ရတနာဆင်ဖြူတော်အဖော်ဆင်များကို အစာအာဟာရ များ ကျွေးမွေးခဲ့ကြပါသည်။

          အဆိုပါ ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)မှာ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပြီး ရတနာဆင်ဖြူတော် ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်း မှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ် ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေ သည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်သည်။ မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရောက်ရှိခဲ့ကာ ဆင်ဖြူတော်ကလေးမှာ ယခု အသက် ၁ နှစ်သားတွင် အရပ်အမြင့် ၃ ပေ၊ ၁၀ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၆၇၀ ရှိလာပြီး နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပါသည်။