၂၀၂၃ ခုနှစ် ဒုတိယအကြိမ်နိုင်ငံတော်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ဒုတိယအကြိမ်နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသိရိမြို့နယ်အတွင်း  တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လည်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လင်းလွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး ၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး ၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ညှိနိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး  ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ  နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်းများ၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများက သစ်မျိုး ၁၇ မျိုး၊ အပင်ပေါင်း ၂၁၈၁ ပင်ကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

          ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ သည် ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်နိုင်ငံတော်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှု အားပေးခဲ့သည်။