သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ၉.၈.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ အတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များ စုစုပေါင်း အင်အား ၈၀၀ ဦး တက်ရောက်သည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ယမနေပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးများက အထိမ်းအမှတ် သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက် စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် လာသူများက ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးသည်။

     ယခုသစ်ပင်စိုက်ပျိုးပွဲသည် စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးဝင် သော သစ်မျိုးများ၏ ကြီးထွားမှုနှင့် မျိုးပွားနည်း အမျိုးမျိုးဖြင့် ပျိုးထောင်ထားသော သစ်မျိုးများ၏ ကြီးထွားနှုန်းကို နှိုင်းယှဉ်လေ့လာရန် ရည်ရွယ်၍ ကြီးမြန်သစ်မျိုးဖြစ်သော ယမနေသစ်မျိုး ၁၆၀၀ ပင် အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။ ယခုမြေနေရာနှင့် တစ်စပ်တည်းတွင် အခြားကြီးမြန်သစ်မျိုးများဖြစ်သော တစ်ရှူးယူကလစ်၊ ယူကလစ်၊ မာလာလူးကား၊ ပေါ်လိုးနီးယား သစ်မျိုးများဖြင့် သုတေသန စမ်းသပ် စိုက်ခင်း ဧက ၂၀ ကိုလည်း ယခုနှစ် မိုးရာသီတွင် တည်ထောင် ထားရှိပြီးဖြစ်သည်။

    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ မိုးရာသီတွင် လူထုလှုပ်ရှားမှုအသွင်စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်း  ပျိုးပင် ၈.၄ သန်းကျော် အပါအဝင် ပျိုးပင်စုစုပေါင်း ၂၄ သန်းကျော်အား တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါသည်။