(၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး နှင့် (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

     အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်၍(၁၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊  (၁၈) ကြိမ်မြောက် အာဆီယံနယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ကြသည်။

  ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်  လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၊ National Convention Center ၌ ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်နှင့်သစ်တော ရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှုးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံ မိုးလေဝသ အထူးပြုဌာနနှင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံပတ်ဝန်းကျင်ရေးရာဝန်ကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် သည်။

   ယင်းနောက်(၁၇)ကြိမ်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ကို ဆက်လက်ကျင်းပရာ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက Country Statement အသီးသီး ပြောကြားသည်။

  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် အရေးပါသည့် ဂေဟစနစ် အမျိုးမျိုး ရှိသော်လည်း မြို့ပြများဖွံ့ဖြိုးလာခြင်း၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာခြင်းနှင့်အတူ သစ်တောများ ပြုန်းတီးခြင်း၊  ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်အပေါ်ကို  သက်ရောက်လျက်ရှိကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် မူဝါဒ မူဘောင်များ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုဧရိယာ ဟက်တာ၂၈.၅၄ သန်းရှိပြီး တစ်နိုင်ငံလုံး၏ ၄၂.၁၉% ဖြစ်ကြောင်း၊ သစ်တောများသည် ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တန့်စေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် သစ်တောသယံဇာတထိန်းသိမ်းရေးသည် မြန်မာနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် သီးနှံသစ်တော ရောနှောစိုက်ခင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသများတွင် နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်စသည့် အသေး စားပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ဖော်ဆောင်ခြင်းကို တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် စွမ်းအင် အတွက် သစ်တောများအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှုနှင့် သစ်တောထိန်းသိမ်းခြင်းတို့ကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ ယခု အစည်းအဝေးမှ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ပြီး အာဆီယံ အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 အစည်းအဝေးတွင် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ နိုဝင်ဘာလအတွင်း UAE နိုင်ငံတွင် ကျင်းပမည့် UNFCCC COP 28 သို့ အာဆီယံ မှတင်သွင်းမည့် အာဆီယံနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေငြာစာတမ်း၊ အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု၊ အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးချန်ပီယံဆု ဆုရရှိသူများ နှင့် ပြင်ပမှဝင်ရောက်လာသည့် မျိုးစိတ်များဆိုင်ရာ အာဆီယံ လုပ်ငန်းအစီအစဉ်များအား အတည်ပြုခြင်းများကို ဆောင်ရွက်သည်။

နေ့လယ်ပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကိုဆက်လက်ကျင်းပရာ အာဆီယံဒေသတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေ၊ ခြောက်သွေ့ရာသီတွင် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် နိုင်ငံအလိုက် မီးခိုးမြူငွေ့လျှော့ချရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ (၂၀၂၃-၂၀၃၀)၊ အာဆီယံ သစ်ဆွေးမြေစီမံအုပ်ချုပ်မှုမဟာဗျူဟာ (၂၀၂၃-၂၀၃၀)နှင့် မီးခိုးမြူငွေ့ကင်းစင်၍ ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲရေးအတွက် အာဆီယံရင်းနှီးမြှုပ်နှံမှု မူဘောင်တို့ကို အတည်ပြုခြင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးစာချုပ်အား အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ လွှဲပြောင်းမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

     ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆိုင်ရာမူဝါဒ၊ မူဘောင်များကိုထောက်ခံပါကြောင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးကို မြန်မာနိုင်ငံမှ အပြည့်အဝထောက်ခံပြီး

အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသတွင်းမီးခိုး မြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များအား အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံ ဗဟိုဌာနနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေး ဗဟိုဌာန တည်ထောင်ရေး စာချုပ်များအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ လွှဲပြောင်းသည့် အခမ်းအနားသို့ တက်ရောက်သည်။

    ညပိုင်းတွင် အာဆီယံ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးချန်ပီယံဆုပေးပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

   မြန်မာနိုင်ငံမှအာဆီယံသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (၂၀၂၃)ကို မူလတန်းအဆင့် အတွက် အခြေခံပညာမူလတန်းကျောင်း (ဒေါင့်ကွေး)၊ ဒေါင့်ကွေးကျေးရွာ၊ ကျောင်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အထက်တန်းအဆင့်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်မှ ရရှိပြီး အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ချန်ပီယံဆု (၂၀၂၃)ကို Senior Category မှ ဒေါက်တာကောင်းထက်စွမ်းမှရရှိပြီး ဆုများကို မြန်မာ ကိုယ်စားလှယ် အဖွဲ့မှ လက်ခံရယူခဲ့ကြပါသည်။