(၁၈) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီတက်ရောက်

 (၁၈) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၊ အာဆီယံ-ဂျပန်ဝန်ကြီးများအဆင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲနှင့် အာဆီယံ-အမေရိကန်ဝန်ကြီးအဆင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာစကားဝိုင်း ဆွေးနွေးပွဲများကိုလာအိုနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် လာအိုနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို   လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၊ National Convention Center ၌ ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ ဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှုးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 အစည်းအဝေးတွင် လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး  အာဆီယံနှင့်မိတ်ဖက်သုံးနိုင်ငံ အဏ္ဏဝါ ပလတ်စတစ် ညစ်ညမ်းမှု ဆိုင်ရာလုပ်ငန်းအစီအစဉ်၊ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေး၊ သယံဇာတ များရေရှည်တည်တံ့စွာ ထုတ်ယူသုံးစွဲရေး၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး များနှင့် အဏ္ဏဝါပလတ်စတစ် အမှိုက်သရိုက် ပြဿနာများကိုဖြေရှင်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံတို့မှ ဆွေးနွေးကြရာပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အာဆီယံနှင့်မိတ်ဖက်သုံးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပူးပေါင်း ဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ကို အထောက်အကူပြုမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများတွင် အတူတကွ ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

နေ့လယ်ပိုင်းတွင် အာဆီယံ-ဂျပန်ဝန်ကြီးများအဆင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လာအိုနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့က အဖွင့် အမှာ စကားအသီးသီးပြောကြားကြပြီး အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများနှင့် ဂျပန်နိုင်ငံမှအဆိုပြုသည့် အာဆီယံရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာ လုပ်ငန်းစဉ်များတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက ပတ်ဝန်းကျင်အရည်အသွေး တိုးတက်ကောင်းမွန်စေရေးနှင့် ပတ်ဝန်း ကျင်နှင့် ဂေဟစနစ်ဆိုင်ရာကာကွယ်ရေးတို့အတွက် အာဆီယံနှင့် ဂျပန်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ ရေရှည် တည်တံ့သော မြို့ကြီးများဖြစ်ပေါ်လာစေရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာအခြေခံ အဆောက်အဦ များတည်ဆောက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူး တင်ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင်အကြပ်အတည်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းပျောက်ကွယ်မှုနှင့် ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ဂျပန် နိုင်ငံမှအဆိုပြုသည့် အာဆီယံရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

          ညနေပိုင်းတွင် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့် ပတ်ဝန်းကျင်နှင့်ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကို ကျင်းပရာ အာဆီယံ-အမေရိကန် မဟာဗျူဟာ မိတ်ဖက်လုပ်ငန်း အစီအစဉ်အောက်ရှိ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်တွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် ဆန်းသစ်တီထွင်မှုများ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ တွင် ကျေးလက်နေပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး သယံဇာတအရင်းအမြစ်များအား အကျိုးရှိစွာသုံးစွဲရေးနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော နည်းပညာများ အသုံးပြုရေးတို့ကို တွန်းအား ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၃၀)တွင် စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်သဏ္ဍ၊ သစ်တောမြေနှင့် အခြားမြေ အသုံးချမှုကဏ္ဍ၊ သီးနှံသစ်တောရောနှောစိုက်ပျိုးမှုကဏ္ဍများတွင် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

          အစည်းအဝေးတွင် အာဆီယံ- အမေရိကန် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်များ ဖြစ်သော ဒေသတွင်းနှင့် နိုင်ငံအလိုက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကို မြှင့်တင် ဆောင်ရွက်ရန်၊ ကာဗွန်ထုတ်လွှတ်မှုနည်းသောအနာဂတ် ဖြစ်ပေါ်စေရေး တီထွင်ဆန်းသစ်မှုများကို အားပေးရန်၊ ရာသီဥတုပြောင်းလဲမှု ရန်ပုံငွေများ မြှင့်တင်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ထောက်ပံ့ရန် စသည်တို့ကို အတည်ပြုခဲ့ကြပါသည်။