ဒုတိယဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာနလုပ်ငန်းများနှင့် မြန်မာ့သစ်လုပ်ငန်းရှိ သစ်စက်များ ကြည့်ရှုစစ်ဆေး

      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောင်လျှော်ကန်ကြိုးဝိုင်းရှိ ၂၀၂၃ ခုနှစ်၊မေလတွင် စိုက်ပျိုးထားသော ကျေးရွာသုံးထင်းစိုက်ခင်း ၅၀ ဧကနှင့် ရေဝေရေလဲစိုက်ခင်းတည်ထောင်ထားရှိမှု၊ မလှိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း ဘေးဝဲယာတွင် ၂၀၂၃ ခုနှစ်  မေလ၌ စိုက်ပျိုးထားသော တစ်အုပ်တစ်မစိုက်ခင်း(၉) ဧက အောင်မြင် ရှင်သန်မှုတို့အား ကြည့်ရှုစစ်ဆေးပြီး တစ်ပင်စိုက်တစ်ပင်ရှင်သန်အောင်ဆောင်ရွက်ရန်၊ သစ်တော သယံဇာတ ထုတ်ယူသုံးစွဲမှုကို လျှော့ချ၍ ဒေသခံပြည်သူများ၏ သစ်နှင့်အိမ်သုံးထင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံပိုင်သစ်တောစိုက်ခင်းများနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများ တိုးမြှင့်တည်ထောင်ရန်၊ သစ်တောစိုက်ခင်းများ ပြုစုထိန်းသိမ်းရေးကို သစ်တောသယံဇာတ ရေရှည် တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစနစ်ဖြင့် စီမံထိန်းသိမ်းဆောင်ရွက်ရန်၊ ရှမ်းမငယ် ဆည်ရေဝေရေလဲစိုက်ခင်းအား ယခုထက်ပိုမိုအောင်မြင်ရှင်သန်အောင်ဆောင်ရွက်ရန်နှင့် သဘာဝ တောကျန်များကိုလည်း အလေးထား ထိန်းသိမ်းကာကွယ်ရန် မှာကြားပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ တံတားဦးမြို့နယ်၊ မိုင်တိုင် အမှတ် (၃၅၂) ရှိ ၂၀၂၃ ခုနှစ်၊  မေလတွင် စိုက်ပျိုးထားသော လမ်းဘေးဝဲယာ အပင်ကြီး ၃၈၀၀ ပင်  စိုက်ခင်းတည်ထောင်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးပြီးအပင်များ ရှင်သန် အောင်မြင်ရေးအတွက် သတ်မှတ်ထားသော Standard Operating Procedure- SOP အတိုင်း စနစ်တကျ ဆောင်ရွက်ရန်မှာကြားပါသည်။

       ဒုတိယဝန်ကြီးသည် နေ့လယ်ပိုင်းတွင် ပုသိမ်ကြီးမြို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ စန္ဒကူးခန်းမတွင် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ    တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သစ်တော သယံဇာတရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို သစ်တောဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များအတိုင်း စီမံအုပ်ချုပ်ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုတိုးမြှင့်လာစေရေး ဆောင်ရွက်ရန် မှာကြားပါသည်။

     ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၁)ရှိ တိုးပွားမန်း ဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ရေး၊ စက်ရုံဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးရေးနှင့် ဌာနဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်မှာကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁၀၃)သစ်စက်အားစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။ ဒုတိယဝန်ကြီးသည် ညနေပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာ့သစ်လုပ်ငန်း နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအားတွေ့ဆုံရာတွင်သစ်တောသယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်အကျိုးရှိစွာ အသုံးပြုနိုင်ရေး စနစ်တကျစီမံ‌ဆောင်ရွက်ရန်၊ ဝန်ထမ်းများစွမ်း‌ဆောင်ရည် ပိုမိုတိုးတက်လာအောင်အမြဲကြိုးစားရေး နှင့် နိုင်ငံ့ဝန်ထမ်းများ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး မှာကြားခဲ့ပါသည်။