ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ သစ်တောလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြိုင်သာယာ သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဥယျာဉ်အတွင်းပျိုးထောင်ထားသော ပျိုးပင် ၁၅၀၀၀ နှင့် သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင် ၂၃၀၀၀ ကြိုတင်ပျိုးထောင်ရန် ပြင်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်သစ်တောရုံးတွင် ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်အဆင့်တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ခံများအနေဖြင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်၊ အရာထမ်း/အမှုထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး အတွက် စဉ်ဆက်မပြတ်လေ့လာ သင်ယူသွားရန်၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး စည်းကမ်းပြည့်ဝသည့် ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံ နေထိုင်ကြရန်နှင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်းရှိ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

    နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ တာပသွန် သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဥယျာဉ်အတွင် ပျိုးထောင် ထားရှိသော ပျိုးပင် ၈၄၀၀၀ ကျော် အားကြည့်ရှုစစ်ဆေးပြီး အမြင့် ၂ ပေ အထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် သစ်စေ့စုဆောင်းခြင်းနှင့် ပျိုးထောင်ခြင်းလုပ်ငန်း များကို နှစ်စဉ်ကြိုတင်ဆောင်ရွက်သွားရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်အောင် စိုက်ပျိုးသွားရန် လမ်းညွှန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မုဒုံမြို့နယ် သစ်တောရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

    နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ယနေ့ကမ္ဘာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီဖြစ်စေရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မဟာဗျူဟာများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ ပြည်နယ် ပြည်တွင်းရောင်းဝယ် ရေးနှင့် သစ်စက်ဌာနရုံး၊ ပြည်နယ်သစ်ထုတ်ရေးရုံးနှင့် ပြည်နယ်ဆားလုပ်ငန်းရုံးများသို့ သွား‌ရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။