ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများကြည်ရှုစစ်ဆေး

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်အတူ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများက စက်ရုံ အတွင်း Recycle စက္ကူဖြတ်စများကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ပြည်တွင်းသုံး  စက္ကူထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ကောက်ရိုး၊ ချဉ်ပေါင်လျှော်နှင့် သမန်းမြက်တို့အား ကုန်ကြမ်းအဖြစ် အသုံးပြု၍ စက္ကူထုတ်လုပ်ပြီး ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၁ ရှိ Nilar Pulp and Paper စက္ကူစက်ရုံသို့ သွားရောက်၍ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်အား ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် စက်ရုံရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးအတွင်းရှိ စက္ကူပျော့ဖတ်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာန များအကြား ညှိနှိုင်းပေါင်းစပ်ပေးရန် ရည်ရွယ်၍ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ယနေ့ ပြည်တွင်း၌ စက္ကူ လိုအပ်ချက်များစွာရှိပြီး စက္ကူထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျော များကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စက္ကူပျော့ဖတ် ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သော ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုး များစွာရှိပြီး သဘာဝတောများမှ နှစ်စဉ် ဝါးအလုံးရေ  ၃၀၁ သန်းထုတ်လုပ် ပေးနိုင်သည့်အတွက် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်းကို ပံ့ပိုးပေးနိုင် သကဲ့သို့ ရေရှည်ကုန်ကြမ်းရရှိစေရေးအတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုး စိုက်ခင်းများ တည်ထောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်နိုင်ပါက ပြည်ပမှစက္ကူတင်သွင်းရခြင်းလျော့နည်းပြီး နိုင်ငံခြားငွေ သုံးစွဲမှု သက်သာစေမည် ဖြစ်သည့်အတွက် စက္ကူပျော့ဖတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME များ၏ လုပ်ငန်း ဆောင်ရွက်နေမှုကိုသိရှိနိုင်ရန်နှင့် လိုအပ်သောကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ပြီး ထိရောက်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် MSME များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေး အရင်းအနှီးနှင့် စျေးကွက်ရရှိရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ MSME များအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် သွင်းကုန် အစားထိုး ပြည်တွင်းလိုအပ်ချက် လုံလောက်ပါက ပြည်ပသို့တင်ပို့ရန် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့် ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ စက္ကူနှင့်ပျော့ဖတ်လုပ်ငန်းအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်း ပြည်ပ စျေးကွက်အနေအထား၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက စက္ကူပျော့ဖတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာန အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Beautiful Wood ပန်းပုအချောထည်လုပ်ငန်းနှင့် သာကေတမြို့နယ်ရှိ ဦးကျော်ဆန်း ပန်းပုလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပန်းပုနှင့်ပရိဘောဂ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ လုပ်ငန်းရှင်များက ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ်ရှိ Sedan Furniture စက်ရုံမှ ထုတ်လုပ်ထားသော ကြိမ်၊ ဝါး လက်မှုပစ္စည်းများ ပြသထားမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် Bella Interior ကြိမ်အချောထည်လုပ်ငန်းရှိ ကြိမ်အချောထည်ပစ္စည်းများ ထုတ်လုပ်နေမှု လုပ်ငန်း အဆင့်ဆင့်နှင့် ပြည်ပတင်ပို့ရန် ဆောင်ရွက်ထားမှု အခြေအနေတို့အားကြည့်ရှုစစ်ဆေးပြီး စက်ရုံ ရှင်းလင်းဆောင်တွင် ကြိမ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ လုပ်ငန်းရှင်များက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်နေမှု အခြေအနေ၊ နိုင်ငံတကာပြပွဲများသို့ သွားရောက်ပြသမှု၊ ပြည်တွင်း ပြည်ပ စျေးကွက်များသို့ တင်ပို့ရောင်းချမှုနှင့် အလားအလာများ၊ ကြုံတွေ့ရသော အခက်အခဲများ၊ အားသာချက် အားနည်းချက်များနှင့်ပတ်သက်၍ ရှင်လင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ Wood Deiwi ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်းနှင့် SSS Furniture ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။