ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံမြေတိုင်းကျောင်းမှ သင်တန်းသားများနှင့် တွေ့ဆုံ

         သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၉ မျိုးဖြင့် ပျိုးပင်ပေါင်း ၁၃၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုနှင့် ပျိုးပင်များ၏ ကြံ့ခိုင်သန်စွမ်းမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပျိုးဥယျာဉ်ဝင်း အတွင်း မြန်မာ့ရှားပါး သစ်ခွမျိုးစိတ် ၆၀ မျိုးနှင့် ဆေးဘက်ဝင် ဂမုန်းမျိုးစိတ် ၂၀ မျိုးတို့အား ထိန်းသိမ်း စောင့်ရှောက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ခရိုင် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး၊ ကြိုးဝိုင်း/ကြိုးပြင်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ ပြင်ဦးလွင်မြို့အား ချယ်ရီမြို့တော်ဖြစ်စေရေး၊ ကန်တော်ကြီးအမျိုးသားဥယျာဉ် စိမ်းလန်းသာယာလှပရေး၊ ပြင်ဦးလွင်မြို့ ရေပေးဝေရေးအတွက် အရေးပါသော ဆင်လမ်းဆည် ရေဝေရေလဲ ဧရိယာများအား ထိန်းသိမ်းကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ အတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်၍ စိုက်ပျိုးခဲ့သော ၁၃ ဧက တွင်  သစ်ပင်များ၏ ရှင်သန် အောင်မြင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်းတွင် အဆင်မြင့်၊ အလယ်အလတ်နှင့် အခြေခံမြေတိုင်းသင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံ၍ ဌာနအသီးသီးမှ တက်ရောက်လျက်ရှိသော သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချပေးသော စာတွေ့ လက်တွေ့သင်ခန်းစာများအား အတွေ့အကြုံနှင့်ပေါင်းစပ်ကာ မိမိတို့တာဝန်ကျရာ နယ်ပယ်အသီးသီးတွင် အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချနိုင်ရေးနှင့် နိုင်ငံတော်နှင့်ပြည်သူက အားကိုးထိုက်သော အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။