အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပ

အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမအကြိမ်အစည်းအဝေးကို ၂၂-၁၂-၂၀၂၃ ရက်နေ့ နေ့နံနက် ၉ နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ ပထမဦးစွာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြေသယံဇာတအရင်းအမြစ်သည် မိမိတို့လူသားများ၊ လူမှု အသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်ဖြစ်ပါကြောင်း၊ အခြားသယံဇာတအရင်းအမြစ်များနှင့် မတူသည့်အချက်မှာ မြေသယံဇာတသည် တိုးပွားအောင်လုပ်၍မရဘဲ အကန့်အသတ်နှင့်သာရှိသည့် သဘာဝသယံဇာတအရင်းအမြစ်ဖြစ်သည်ကို သတိပြုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားများ စားဝတ်နေရေးနှင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်ရည်မှန်းချက်ချမှတ်ပြီး နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် အထူးအလေးထား စီမံအုပ်ချုပ်အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသား မြေအသုံးချမှုမူဝါဒကို အများပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက သဘောတူညီလက်ခံခဲ့သည့် Agenda 2030 တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals- SDGs) ၁၇ ခု ပါဝင်ပြီး ရည်မှန်းချက် အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Agenda 2030 ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန်နှင့် ရေရှည်တည်တံ့သည့် ဘက်စုံဖွံ့ဖြိုးမှုအတွက် စနစ်ကျပြီး ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေးသည်လည်း အထူးလိုအပ်လျက်ရှိပါကြောင်း။ နိုင်ငံသားအားလုံး၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် မြေလုပ်ပိုင်ခွင့်ခိုင်မာစေရေး၊ သဘာဝဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေး၊ မြေအသုံးချမှုစီမံခန့်ခွဲရာတွင်စီးပွားရေးအကျိုးအမြတ်အများဆုံးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှုများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများကို လွှမ်းခြုံသည့် ပြည်သူ့အကျိုးပြုနိုင်မည့် အမျိုးသားမြေဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ပဓာနကျပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မိမိတို့၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒနှင့်အညီ အားလုံးကိုလွှမ်းခြုံနိုင်မည့် အမျိုးသားမြေဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီအောက်တွင် မြေဥပဒေရေးဆွဲရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊ ၎င်းအထောက်အကူပြုလုပ်ငန်းအဖွဲ့အောက်တွင် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်သုံးဖွဲ့ကိုထပ်မံဖွဲ့စည်းထားပြီး အမျိုးသားမြေဥပဒေကြမ်း အခန်း (၁၆) ခန်းကို အမျိုးသားမြေအသုံးချမှုမူဝါဒနှင့်အညီ ဥပဒေမူကြမ်းထွက်ပေါ်လာရေးကို တစိုက်မတ်မတ် အကောင်အထည်ဖော် ရေးဆွဲပြုစုနေသည့်အဖွဲ့ဝင်များအားလုံးကို အသိအမှတ် ပြုကျေးဇူးတင်ရှိပါကြောင်း၊ ဥပဒေမူကြမ်းရေးဆွဲပြုစုခြင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်း ၁၅ လ သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ မှ ၂၀၂၄ ခုနှစ် ဧပြီလအထိ စုစုပေါင်း ကိုးလမှာ ကနဦးမူကြမ်း စတင်ရေးသားပြုစုခြင်း၊ ၂၀၂၄ ခုနှစ်မေလမှ ဇူလိုင်လအထိ သုံးလမှာ ရေးဆွဲပြီးမူကြမ်းကို အကျိုးသက်ဆိုင်သူများထံချပြခြင်းနှင့် အကြံပြုချက်များအရ ကနဦးမူကြမ်းကို ပြန်လည်ပြင်ဆင်ရေးသားခြင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ နောက်ဆုံးသုံးလမှာ ပြင်ဆင်ပြီး မူကြမ်းကို အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကတစ်ဆင့် အမျိုးသားမြေအသုံးချမှုကောင်စီသို့ တင်ပြခြင်းဆိုပြီး သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ဥပဒေရေးဆွဲပြုစုခြင်းသည် ကျယ်ပြန့်နက်နဲသည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော Time Frame အတွင်း မိမိတို့လုပ်ငန်းများကို အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင် နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း။ မြန်မာနိုင်ငံတွင် စနစ်ကျပြီး ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ် ပေါ်ထွက်လာစေရန်အတွက် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လမ်းညွှန်ချက်များနှင့်မူဝါဒပါ လုပ်ငန်းစဉ်နှင့်အညီ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု သဟဇာတဖြစ်စေရေးကို လွှမ်းခြုံစေမည့် အမျိုးသားမြေဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသား မြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီ၊ အဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် အမျိုးသားမြေဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ စတုတ္ထအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (၁၂) ချက်ပေါ် အလေးထားလိုက်နာဆောင်ရွက်ရမည့် အခြေအနေ၊ အမျိုးသားမြေ အသုံးချမှုမူဝါဒကို အနည်းဆုံးငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ရမည့်အခြေအနေ၊ နိုင်ငံပိုင်မြေများကို စနစ်တကျ စီမံခန့်ခွဲရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မြေယာစီမံခန့်ခွဲမှု ဥပဒေအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက စတုတ္ထအကြိမ် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြေအသုံးချမှု စီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြပါသည်။ ထို့နောက် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အမျိုးသားမြေအသုံးချမှု ဥပဒေရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးမြေများကို အခြား နည်းလမ်းအသုံးမပြုရေး၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် အကောင်အထည်ဖော်ရေးနှင့် အမျိုးသားမြေအသုံးချမှု ဥပဒေပေါ်ပေါက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု ကိစ္စရပ်များအပြင် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေအသုံးချမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် မြေယာမူဝါဒနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။