ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ရေဆင်းရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊  ရန်အောင်မြင်အမျိုးသားဆောင်၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများ တက္ကသိုလ်ရှိ ဆရာ/ဆရာမများ မောင်မယ် သစ်လွင်နှင့် ယခင်က ရောက်ရှိနေသည့် ကျောင်းသား/ကျောင်းသူများအားလုံး အပြန်အလှန် ရင်းနှီးကျွမ်းဝင်စေရန်နှင့် နွေးထွေးစွာကြိုဆိုသည့်အနေဖြင့် ယခုအခမ်းအနားအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း သစ်တောသစ်ပင်များသည် လူသားနှင့်သက်ရှိများအားလုံးအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက်ရှိပြီး နောင်အနာဂတ်မျိုးဆက်များအတွက်ပါ လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် ထိန်းသိမ်းကာကွယ်ကြရမှာဖြစ်ကြောင်း၊ သစ်တောများထိန်းသိမ်းကာကွယ်ရန်အတွက် သစ်တောပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ တက္ကသိုလ်အဆင့် သစ်တောပညာသင်ကြားမှုကို ၁၉၂၃ ခုနှစ်တွင်စတင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်ပြီဖြစ်ကြောင်း၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အထိ အရည်အချင်းပြည့်မီသော သစ်တောသိပ္ပံဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူ၍ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့သူ များစွာရှိကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိအောင် ရိုးသားကြိုးစားပြီး စိတ်ဓာတ်ကောင်းစွာဖြင့် ထူးချွန်ထက်မြက်သူများဖြစ်အောင် ဆရာ/ဆရာမများ၏ ဆုံးမစကားကို နာယူ၍  ကြိုးစားအားထုတ်စေလိုကြောင်း မှာကြားပါသည်။

    ဆက်လက်၍ ထူးချွန်ကျောင်းသား/ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးက ပထမနှစ်သင်တန်းသို့ ပထမအမှတ်အများဆုံးဖြင့် ဝင်ခွင့်ရရှိသူနှင့် အတန်းအလိုက် ပထမဆုရရှိသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ပထမနှစ် သင်တန်းသို့ ဒုတိယနှင့် တတိယအမှတ်အများဆုံးဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် အတန်းအလိုက် ဒုတိယဆု၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

    ထို့နောက် ကျောင်းသား/ကျောင်းသူများက အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ညစာ အတူတကွသုံးဆောင်ကြသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပထမနှစ်မှ ပဉ္စမနှစ်အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။