“သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေး”သို့ ဒုတိယဝန်ကြီး၊ ဦးမင်းသူ တက်ရောက်

   သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာသုတေသနအကြံပေးကော်မတီ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကို (၃၀-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။

  ဒုတိယဝန်ကြီးကပြောကြားရာတွင် နိုင်ငံတော်၏သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို လက်ရှိနှင့်အနာဂတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုး အရှိဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ် အသုံးချနိုင်မည့်စနစ်များကို ချမှတ်ရာတွင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်ကဏ္ဍတွင် ရောက်ရှိနေကြောင်း၊ သစ်တောသုတေသနဌာနတည်ထောင်ခဲ့သည့်သက်တမ်းသည် နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သစ်တောသုတေသနဌာနမှ စာတမ်းပေါင်း (၄၀၃)စောင်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြားလုပ်ငန်း/ ဌာနများမှ သုတေသနစာတမ်းပေါင်း (၁၅၈)စောင်၊ စုစုပေါင်း(၅၆၁)စောင်ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  သစ်တောနှင့်ဓာတ်သတ္တုသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရည်အသွေးပြည့်မီသော လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အချို့သောသုတေသနလုပ်ငန်းများအတွက် သတ္တုကဏ္ဍနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် သုတေသနများ၊ သတ္တုကဏ္ဍတွင်လည်း ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေ၍ ရေရှည်တည်တံ့စေမည့်ဒီဇိုင်းများ ရေးဆွဲဆောင်ရွက်ရန်လိုအပ်သည့်အတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။