သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)တွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ Theatre ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကို ၃၁-၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီအချိန်တွင်  ကျင်းပခဲ့သည်။

    လူငယ်အသိပညာပေးဟောပြောပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးက တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ ဖြစ်ပေါ် ရခြင်းအကြောင်းအရင်းများ၊ ဆိုးကျိုးများ၊ ကျင့်ဝတ်စံနှုန်းနှင့် ဖြောင့်မတ်တည်ကြည်မှု၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအရေးပါပုံ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်နိုင်ဦးက ရေချိုသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

    ဆက်လက်၍ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ အခမ်းအနားကို မွန်းလွဲ ၁ နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

    အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။