ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြု ဝါးစိုက်ပျိုးပြုစုပျိုးထောင်ခြင်း၊ မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက် လက်တွေ့ပြုလုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်

     ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြု ဝါးစိုက်ပျိုးပြုစုပျိုးထောင်ခြင်း၊ မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်လက်တွေ့ပြုလုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ၅-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

    ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့်သင်တန်းသည်  သစ်တောဦးစီးဌာနနှင့် သစ်တောများပြန်လည်တည်ထောင်ခြင်းနှင့် ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသကွန်ယက်အဖွဲ့ - APFNet တို့ ပူးပေါင်းဆောင်ရွက်နေသည့် “မဲခေါင်ဒေသ၊ မြန်မာနိုင်ငံတွင် သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း”၏ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး စားဝတ်နေရေးအတွက် ဝါးအပါအဝင် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများအပေါ်တွင် မှီခိုအားထားနေကြရကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယ အများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် ဝါးတောထွက်နှုန်းမှာ အလုံးရေ ၃၀၁ သန်း ရှိကြောင်း၊ မျှစ် ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ ပိဿာ ၂၄ သိန်းခန့်ရှိကြောင်း၊

     ဝါးစိုက်ခင်းများတည်ထောင်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်း၊ ဝါးအခြေခံ လက်မှုပစ္စည်းနှင့် တန်ဖိုးမြှင့်အချောထည်များ ထုတ်လုပ်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာ ဖန်တီးပေးလျက်ရှိသည့်အပြင် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသ ထွက် ကုန်ကြမ်းများကိုအခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖော်ဆောင်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် စီမံကိန်းဧရိယာမှဒေသခံများအား ရေရှည် တည်တံ့သော မျှစ်ထုတ်ယူခြင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရောင်းချခြင်းနှင့် စျေးကွက် ချိတ်ဆက်ခြင်းဆိုင်ရာနည်းစနစ်များကို စာတွေ့လက်တွေ့ ၅ ရက် ပို့ချသွားမည်ဖြစ်သဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ကြောင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။