ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ် ရေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

     ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာသင်တန်းနှင့် လေထုအရည်အသွေး စောင့်ကြည့် တိုင်းတာရေးကိရိယာကိုင်တွယ်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်ကြောင်း၊ ယခုသင်တန်းအား လေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကောင်းမွန်သော ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး စောင့်ကြည့်လေ့လာခြင်းစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊

    ကမ္ဘာတစ်ဝှမ်းတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ ၇ သန်းခန့် သေဆုံးနေကြရပြီး ၂၄ သန်းခန့်မှာ အိမ်တွင်းလေထုညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း၊ လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော်သည့်သဘာဝရှိသည့်အတွက် လေထုညစ်ညမ်းမှု ပြဿနာများအားဖြေရှင်းရန်အတွက် ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်း၍ အတူတကွဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၂ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား ၆၂ ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ ထိထိ‌ရောက်ရောက် အသုံးချနိုင်ရေးအတွက် ကြိုးစားလေ့လာသင်ယူသွားကြရန် မှာကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။